ဒီဇင်ဘာ ၁၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၀၁ ဦး ရှိလာကြောင်း ကျန်းမာရေးဌာနက ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာရေးဝန်ဆောင်မှု (DGHS) မှ ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ်ဇန်နဝါရီလမှစ၍ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု စုစုပေါင်း ၉၈၇၀၅ ဦးအထိ ရောက်ရှိခဲ့သည်ဟု သိရသည်။
နိုင်ငံအတွင်း ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ၂၄ နာရီအတွင်း သုံးဦးထပ်မံသေဆုံးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ၄၂၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါကြောင့် ဒီဇင်ဘာလတွင် ၁၉ ဦး၊ နိုဝင်ဘာလတွင် ၁၀၄ ဦးနှင့် အောက်တိုဘာလတွင် ၈၀ ဦးတို့အပါအဝင် သေဆုံးသူ ၄၀၁ ဦး ရှိလာကြောင်း သိရသည်။
နိုဝင်ဘာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၄၅၃၅ ဦးရှိသော်လည်း ဒီဇင်ဘာလ လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၀၈ ဦး ရှိကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကို တိုက်ဖျက်ရန်အတွက် ကျန်းမာရေးအာဏာပိုင်များသည် ခြင်များပေါက်ဖွားမှုကို စစ်ဆေးရန်နှင့် ပိုးလောင်းတိုက်ဖျက်ရေးလုပ်ငန်းများ အားကောင်းစေရန် အစီအမံများ ချမှတ်ထားကြောင်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ရောဂါပိုးရှိသောအေးဒီးစ်ခြင်များကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်သော ဗိုင်းရပ်စ်ရောဂါတစ်ခုဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ မောပန်းခြင်း၊ ကြွက်သားနှင့် အဆစ်များ ပြင်းထန်စွာနာကျင်ခြင်း၊ အန်ခြင်းနှင့် အဖုအပိမ့်များထွက်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများဖြင့် ပြင်းထန်သောရောဂါကို ဖြစ်စေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


