ဘရန်းဖို့ဒ်အသင်းဟာ အောက်တိုဘာ ၂၀ ရက် ညပိုင်းက ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ယခုဘောလုံးရာသီမှာ ပရီမီယာလိဂ် ပထမဆုံးအဝေးကွင်း နိုင်ပွဲရရှိခဲ့ပြီဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းနဲ့ ဘရန်းဖို့ဒ်အသင်းတို့ပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ ဘရန်းဖို့ဒ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၄၃ မိနစ်မှာ သီယာဂိုက တစ်ဂိုး၊ သာမန်ပွဲကစားချိန် မိနစ် ၉၀ အပြီး နာကျင်အချိန်ပို လေးမိနစ်မှာ ဂျန်ဆန်ကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ဘရန်းဖို့ဒ်အသင်းဟာ ပရီမီယာလိဂ်အမှတ်ပေးဇယားအဆင့် (၁၀) နေရာကို တက်လှမ်းခွင့်ရရှိခဲ့ပြီး ဝက်စ်ဟမ်းအသင်းကတော့ ဘရန်းဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ပရီမီယာလိဂ်ပွဲစဉ် (၈)အပြီးမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခြောက်ပွဲရှုံးရမှတ်လေးမှတ်နဲ့ တန်းဆင်းဇုန်အတွင်း ရောက်ရှိနေတာဖြစ်ပါတယ်။
ဘရန်းဖို့ဒ်အသင်းဟာ လာမယ့်ပရီမီယာလိဂ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၅ ရက်(စနေနေ့)မှာ လက်ရှိပရီမီယာလိဂ် ချန်ပီယံလီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပြီး အောက်တိုဘာ ၂၈ ရက်(အင်္ဂါနေ့)မှာ လိဂ်တူးကလပ် ဂရင်ဘိုင်တောင်းအသင်းနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ငွေကြယ်


