အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှ အောက်တိုဘာ ၂၉ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်တူးကလပ် ဂရင်စဘီနှင့် ဘရန့်ဖို့ဒ် အသင်းပွဲစဉ်တွင် ဘရုန့်ဖို့ဒ်အသင်းက နယ်ဆင်၊ ကာဗဲလ်ဟို၊ ကောလင်းတို့၏ သွင်းဂိုးများနှင့် အတူ ငါးဂိုးပြတ် အနိုင်ရရှိကာ ခြောက်ရာသီအတွင်း လေးကြိမ်မြောက် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဂရင်စဘီ အသင်းသည် နာမည်ကြီး မန်ယူအသင်းကို ကျော်ဖြတ်ကာ အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ စတုတ္ထ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ဘရန့်ဖို့ဒ်အသင်းကို ထပ်မံကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။ ဘရန့်ဖို့ဒ်အသင်းသည် ပြီးခဲ့သည့်ပွဲစဉ်မှ ကစားသမားစာရင်းကို အများအပြားအပြောင်းအလဲပြုလုပ်ကာ ဂရင်စဘီအသင်းကို ရင်ဆိုင်လာ ခဲ့သည်။
ပွဲစပိုင်းကတည်းက ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်သည့် ဘရန့်ဖို့ဒ်အသင်းသည် ဂျန်ဆင်၊ ပေါ်တာ၊ နယ်ဆင်တို့၏ သွင်းဂိုးများဖြင့် ဂရင်စဘီအသင်းကို ပထမပိုင်းတွင် သုံးဂိုးပြတ်ဦးဆောင် ထားနိုင်သည်။ ဂရင်စဘီအသင်းသည် သွင်းဂိုးများ ခွင့်ပြုပေးခဲ့ရသော်လည်း ကစားအားတက်လာခြင်းမရှိဘဲ ပြိုင်ဘက်အသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုများကိုသာ ခက်ခက်ခဲခဲ ခုခံကာကွယ်ခဲ့ရသည်။ ဒုတိယပိုင်းတွင်လည်း ဘရန့်ဖို့ဒ်အသင်းကသာ ပွဲကိုထိန်းချုပ်ကစားထားနိုင်ပြီး သွင်းဂိုးများ ထပ်မံရယူကာ အရေးပါသည့်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။
အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှ အခြားပွဲစဉ်ရလဒ်များတွင် ဖူလ်ဟမ်အသင်းက လိဂ်ဝမ်းကလပ် ဝိုင်ကမ်ဘီအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်တွင် ငါးဂိုး-လေးဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်။ ထို့ပြင် ချန်ပီယံရှစ်ကလပ် ဝရက်ဇ်ဟမ်းနှင့် လိဂ်ဝမ်း ကလပ်ကာ ဒစ်ဖ်အသင်းပွဲစဉ်တွင် ကာဒစ်ဖ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အောင်ဇော်


