ဘုန်းမောက်အသင်းသည် လိုင်လီအသင်းမှ ပြင်သစ်ဗဟိုခံစစ်ကစားသမား ဘာဖိုဒီ ဒီယာကီတေးကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ ဒသမ ၆ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် ၂၀၂၂ ခုနှစ်တွင် ပြောင်းရွှေ့ကြေး ပေါင် ၂ ဒသမ ၅ သန်း ဖြင့် တူးလော့စ်အသင်းမှ လိုင်လီအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၁၂ ပွဲ ပါဝင်ကစားထား ပေးထားသည်။ ဘုန်းမောက်အသင်းသည် အဆိုပါ ဗဟိုခံစစ်ကစားသမားကို ခေါ်ယူရာတွင် ကနဦးပြောင်းရွှေ့ကြေးပေါင် ၃၀ ဒသမ ၃ သန်းနှင့် စွမ်းဆောင်ရည်အလိုက် ထပ်ဆောင်းကြေး ပေါင် ၄ ဒသမ ၃ သန်း ပေးချေရမည်ဖြစ်သည်။
ဒီယာကီတေးသည် ဘုန်းမောက်အသင်း၏ ဒုတိယမြောက် ဈေးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့်ရာသီ လီဂူးဝမ်းတွင် ၃၁ ပွဲ ပါဝင်ကစားထားပြီး အသင်းကို အဆင့် ၅ နေရာဖြင့် ရာသီပိတ်သိမ်းနိုင်အောင် ကူညီပေးထားနိုင်သည်။ ဘုန်းမောက်အသင်းသည် ဇွန်လတွင် ရင်းနက်စ်အသင်းမှ ဘယ်ခံစစ်ကစားသမား အက် ဒရီယန် ထရုဖာ့သ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၄ ဒသမ ၄ သန်းဖြင့် ခေါ်ယူအားဖြည့်ထားသည်။
ဘုန်းမောက်အသင်းသည် ဩဂုတ် ၁၆ ရက်တွင် ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် အသင်းကြီး လီဗာပူးအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
အောင်ဇော်


