ရန်ကုန် ၂၃ ဖေဖော်ဝါရီ
ဘုရင့်နောင်ဈေးကြီး (မော်တော်ယာဉ် အပိုပစ္စည်းရောင်းဝယ်ရေးစခန်း) ၏ (၁၇)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ အဆိုပါဈေးကြီးအတွင်း၌ ကျင်းပသည်။
ဘုရင့်နောင်ဈေးကြီး စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပရေးကော်မတီ နာယက ဦးခင်မောင်လွင်က ``အခုလိုစုပေါင်း သွေးလှူဒါန်းပွဲတွေလုပ်တာ ၁၅ နှစ်ရှိပါပြီ။ လှူဒါန်းမှုအကြိမ်ကတော့ အခုဆိုရင် (၁၇)ကြိမ်မြောက်ပါ။ တစ်နှစ်တည်းမှာ နှစ်ကြိမ် လုပ်ခဲ့တဲ့နှစ်တွေ ရှိပါတယ်။ ဈေးသူ ဈေးသားတွေ စည်းစည်းလုံးလုံးနဲ့ သူတစ်ပါး အသက်ကို ကယ်တင်နိုင်အောင်ဆိုတဲ့ အနေနဲ့ အခုလို လှူဒါန်းကြတာပါ။ အစဉ်အလာ တစ်ခုလိုဖြစ်နေပါပြီ။ အခုလို လှူဒါန်းတဲ့အခါမှာတော့ သွေးအလှူတင် မဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်ဖို့ ငွေကြေးလှူဒါန်းမှုတွေလည်း လုပ်ပါတယ်´´ ဟုပြောသည်။
အဆိုပါသွေးလှူဒါန်းပွဲကို ဘုရင့်နောင်ဈေးကြီး သာယာရေးအဖွဲ့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး လူနာများအတွက် လွယ်ကူစွာ သွေးရရှိစေရန်၊ သူတစ်ပါးအသက်ကို မိမိ၏သွေးဖြင့် ကယ်တင်နိုင်ရန်၊ ဈေးသူ ဈေးသားများ အချင်းချင်း စည်းလုံးညီညွှတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စုပေါင်း၍ လှူဒါန်းကြခြင်းဖြစ်သည်။
အမျိုးသားသွေးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာမျိုးထွန်းက ``အခုလို စုပေါင်းသွေးလှူဒါန်းပွဲတွေ စဉ်ဆက်မပြတ်လုပ်ပေးတဲ့အတွက် သွေးအလှူရှင်တွေလည်း တိုးလာပါတယ်။ တစ်ဦးချင်းလှူဒါန်းမှုတွေရှိသလို အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေ အနေနဲ့လည်း စုပေါင်းလှူဒါန်းကြတာကြောင့် ပြီးခဲ့တဲ့လကဆိုရင် ကျွန်တော်တို့ အမျိုးသားသွေးဌာနအနေနဲ့ သွေးအလှူရှင် ကိုးထောင်ကျော်လောက်ရခဲ့ပါတယ်။ အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်´´ ဟုပြောသည်။
မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်မှ သွေးအလှူရှင် ကိုဇင်ကိုကိုက ``နှစ်တိုင်းလာရောက် လှူဒါန်းဖြစ်ပါတယ်။ အခုဆိုရင်ခြောက်ကြိမ်ရှိပါပြီ။ ကိုယ့်ရဲ့သွေးနဲ့ သူတစ်ပါးအသက်ကို ကယ်ချင်တယ်။ မိဘတွေကိုလည်း ကုသိုရစေချင်လို့ပါ။ နောက်နှစ်တွေမှာလည်း လှူသွားမှာပါ´´ ဟု ပြောသည်။
ယနေ့လှူဒါန်းမှုအနေဖြင့် သွေးပုလင်းပေါင်း ၂၆၇ ပုလင်းနှင့် ဈေးသူဈေးသားများ၏ စုပေါင်းလှူဒါန်းငွေကျပ် (၁၇၀၃၀ဝ၀) ကို လှူဒါန်းနိုင်ခဲ့သည်။ ထိုသို့စုပေါင်းသွေး လှူဒါန်းမှုကို ၂၀ဝ၄ ခုနှစ်မှ စတင်၍ ပြုလုပ်ခဲ့ရာ ၁၅ နှစ်တာ ကာလအတွင်း (၁၇)ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး သွေးပုလင်းပေါင်း ၄၆၀၅ ပုလင်းနှင့် ဈေးသူ ဈေးသားများ၏ စုပေါင်းလှူဒါန်း ငွေကျပ် သိန်း ၃၃၀ ကျော်ကို အမျိုးသားသွေးဌာနသို့ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး


