စပိန်အသင်းဟာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဘူလ်ဂေးရီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

စပိန်အသင်းဟာ ဘူလ်ဂေးရီးယားအသင်းကို  လေးဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိခဲ့တာဖြစ်ပြီး စပိန်အသင်းဟာ မာရီနိုရဲ့ နှစ်ဂိုး၊ ဘူလ်ဂေးရီးယားကစားသမား ချာနက်ဗ်ရဲ့   ကိုယ့်ဂိုးကို   သွင်းမိသလိုဖြစ်ခဲ့တဲ့    သွင်းဂိုးတစ်ဂိုးနဲ့ အိုယာဇာဘယ်ရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ  သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့   အာဆင်နယ်ကွင်းလယ်ကစားသမား မာရီနိုဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးလေးပွဲမှာ စပိန်အသင်းအတွက် ခြောက်ဂိုးအထိ  သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းကလည်း ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(E)မှာ လေးပွဲကစား၊ လေးပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၁၂ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အခြားသော ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ တူကီယဲအသင်းက ဂျော်ဂျီယာအသင်းကို လေးဂိုး-တစ်ဂိုး၊ အီတလီအသင်းက အစ္စရေးအသင်းကို သုံးဂိုး-ဂိုးမရှိ၊ အင်္ဂလန်အသင်းက လက်ဗီးယားအသင်းကို ငါးဂိုး-ဂိုးမရှိ၊ ဆားဘီးယားအသင်းက အန်ဒိုရာအသင်းကို သုံးဂိုး-တစ်ဂိုး၊  အိုင်ယာလန်အသင်းက အာမေးနီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပေါ်တူဂီအသင်းနဲ့ ဟန်ဂေရီအသင်း တို့ပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီသရေ၊ အက်စ်တိုးနီးယားအသင်းနဲ့ မော်ဒိုဗာအသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေစသဖြင့်  ရလဒ်အသီးသီး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်