မြန်မာကိုကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် တစ်နည်းအားဖြင့် ငြိမ်းချမ်းသာယာဝပြော၍ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံ အဖြစ်ရောက်ရှိစေရန်အတွက် အားလုံးဆောင်ရွက်ကြရမည့် လုပ်ငန်းများမှာ ပမာဏကြီးမားကျယ်ပြန့်လှသည်။ လက်ရှိ ဆောင်ရွက်လုပ်ကိုင်နေကြသည်ထက် လေး၊ ငါး၊ ဆယ်ဆ ပို၍ ကြိုးပမ်းအားထုတ်လုပ်ကိုင်ကြမည်ဆိုလျှင်ပင် နှစ်ပေါင်း ၂၀၊ ၃၀ စသည်ဖြင့် အချိန်ကာလ တစ်ရပ်ကို ဖြတ်သန်းကာ ဇွဲလုံ့လ ဝီရိယအားတို့ဖြင့် မဆုတ်မနစ် အလုပ်လုပ်ကြရဦးမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် အရင်းအမြစ်ကောင်း၊ အလားအလာကောင်း၊ အခြေအနေကောင်းများ ပိုင်ဆိုင်ထားသလို စိန်ခေါ်မှု များစွာတို့ကလည်း တင်းကျမ်းပြည့်နှက်နေသည်။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ၊ နှစ်စဉ်ဖြစ်နိုင်ခြေမြင့်မားသည့် သဘာဝဘေးအန္တရာယ်များ၊ မဖြစ်မနေ မြှင့်တင်ရန်လိုအပ်နေသည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ နိမ့်ကျနေမှုများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြီးကြီးမားမား အန္တရာယ်ပြုနိုင်သည့် အဂတိလိုက်စားမှုများ၊ တရားမဝင် ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများ စသည်တို့မှာ နိုင်ငံသူ နိုင်ငံသားတို့၏ ပြည်တွင်းအားဖြင့် စုပေါင်းဖြေရှင်းကြရမည့် လုပ်ငန်း တာဝန်များပင်ဖြစ်သည်။

 

မျက်မှောက်ကာလ၏ ကမ္ဘာ့နိုင်ငံရေး နောက်ခံမြင်ကွင်းမှာ လွန်ခဲ့သည့်ဆယ်စုနှစ်များစွာနှင့် လွန်စွာ ကွာခြားသွားခဲ့ပြီဖြစ် သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်၌ အုပ်စုနှစ်စု-ဝင်ရိုးနှစ်ခု ရင်ဆိုင်ယှဉ်ပြိုင်ခဲ့သည့်ကာလ၊ ယင်းနောက်အနိုင်ရသည့်အုပ်စုက ကမ္ဘာ့ရေးရာများတွင် တစ်ဖက်သတ်လွှမ်းမိုးခဲ့သည့် ဝင်ရိုးတစ်ခု ဝါ ဧကဝင်ရိုးကမ္ဘာကာလနှင့် မကြာသေးမီက ကမ္ဘာတစ်ခွင် စတင်ပြောင်းလဲခဲ့ပြီဖြစ်သော ဝင်ရိုးစုံကမ္ဘာခေါ် ဗဟုဝင်ရိုးကမ္ဘာကာလတို့ကို တွေ့မြင်ကြရသည်။ ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံနှင့် ၎င်း၏နောက်လိုက်နောက်ပါ နိုင်ငံတစ်ခုတို့က လွှမ်းမိုး ကြီးစိုးမှုနေရာတွင် အင်အားတောင့်တင်းလာပြီး ဩဇာသက်ရောက်မှုရှိလာသည့် နိုင်ငံများ ဒေသဆိုင်ရာအဖွဲ့အစည်းများက အစားထိုးဝင်ရောက်လာပြီဖြစ်သည်။

 

ဗဟုဝင်ရိုးကမ္ဘာတွင် ကမ္ဘာ့အချက်အချာသည် အာရှသို့ရွေ့လျားလာပြီး ကမ္ဘာ့အစီအစဉ်သစ်၏ အရေးပါသော နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့၏ကြားတွင် မြန်မာနိုင်ငံက နယ်နိမိတ် ထိစပ်တည်ရှိနေခြင်း၊ ကမ္ဘာ့ကုန်သွယ် ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်သည့် ရေပိုင်နက်ရှိခြင်း စသည် တို့မှာ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့အပေါ် ကြီးမားသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်။ ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများမှ အခွင့်အလမ်းများ ရှာဖွေ ရယူကာ အနာဂတ်နိုင်ငံတော်ကို ကောင်းစွာ တည်ဆောက်နိုင်ရန်အတွက် အနာဂတ်ကို ပိုင်စိုးသည့် လူငယ်များအား အရည်အချင်းမြင့်မားစေရမည်ဖြစ်သည်။

 

လူငယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေကို မှန်ကန်စွာနားလည်သဘောပေါက်နိုင်ရန် လိုအပ်သကဲ့သို့ ပြောင်းလဲလာသည့် ဗဟုဝင်ရိုးကမ္ဘာနှင့် စပ်လျဉ်း၍လည်း ကျယ်ကျယ်ပြန့်ပြန့်၊ ခြေခြေမြစ်မြစ် သိရှိနိုင်ကြရန်လိုသည်။ မြန်မာနှင့်ကမ္ဘာကို ကောင်းစွာသိရှိနားလည်ခြင်းမှ တစ်ဆင့် နိုင်ငံ့အကျိုး စီးပွားအတွက် လုပ်သင့်လုပ်ထိုက်သည်များကို မှန်ကန်စွာ သိရှိနားလည်  လာကြမည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လက်ရှိလူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ လူငယ်များဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်သောအင်အားစုများပင် ဖြစ်သည်။ အနာဂတ်အတွက် နိုင်ငံ့ အင်အားလူငယ်များကို အရည်အသွေးမြှင့်တင်ပြုစုပျိုးထောင်ကာ လူစွမ်းအားအရင်းအမြစ် ကောင်းများအဖြစ် နိုင်ငံတည်ဆောက်ရေးတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်စေခြင်းဖြင့် အနာဂတ်နိုင်ငံတော်တွင် ပခုံးပြောင်းတာဝန်ပေးအပ်ကြရပါမည့်အကြောင်း။