ကိုဘုန်း (ထုတ်လုပ်)
လောင်းကစားခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ယဉ်ကျေးမှုအများအပြားတွင် ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ လောင်းကစားလုပ်ငန်းသည် များပြားလှသော စီးပွားရေးအကျိုးအမြတ်များနှင့်အတူ ပြဿနာများစွာကိုလည်း ဖြစ်ပေါ်စေပါသည်။ လောင်းကစားခြင်း၏ သမိုင်းကြောင်းသည် ရှေးခေတ်တရုတ်၊ ဂရိနှင့် ရောမလူမျိုးများသည် ကစားနည်းမျိုးစုံဖြင့် လောင်းကစားလေ့ရှိကြောင်း သမိုင်းမှတ်တမ်းများက ဖော်ပြထားသည်။ ခေတ်သစ်တွင် အွန်လိုင်းလောင်းကစားကွန်ရက်များ၏ ထွန်းကားမှုနှင့်အတူ လောင်းကစားခြင်းသည် လူငယ်များလက်တွင်းသို့ ရောက်ရှိလာခဲ့သည်။
လောင်းကစားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းတွင် ဘီလီယံပေါင်းများစွာသော ငွေကြေးကို လည်ပတ်စေသည့် ကြီးမားသောစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ အစိုးရများအတွက် အခွန်ဝင်ငွေများရရှိစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါသည်။ သို့ရာတွင် ဤစီးပွားရေး အကျိုးကျေးဇူးများသည် လောင်းကစား၏ ဆိုးကျိုးများနှင့်ယှဉ်၍ ချိန်ထိုးကြည့်ရန် လိုအပ်ပါသည်။
လောင်းကစား၏ ဆိုးကျိုးများ
လောင်းကစားစွဲလမ်းမှုသည် စိတ်ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် အသိအမှတ်ပြုထားပြီး ဘဝများကို ပျက်စီးစေနိုင်သည်။ လောင်းကစားသူများသည် မိမိတို့၏ငွေကြေးများကို မကြာခဏ ဆုံးရှုံးလေ့ရှိပြီး အိမ်ခြံမြေ၊ ကားနှင့် အခြားသော တန်ဖိုးကြီးပစ္စည်းများ ဆုံးရှုံးရသည်အထိ ဖြစ်တတ်ပါသည်။ လောင်းကစားပြုလုပ်သူများသည် ဆုံးရှုံးငွေများကို ပြန်လည်ရယူရန် အတိုးကြီးစားဖြင့် ငွေချေးယူတတ်ကြသည်။ ဤသို့ဖြင့် ကြွေးမြီပင်လယ်ထဲသို့ နစ်မြုပ်သွားတတ်သည်။ လောင်းကစားခြင်းသည် အိမ်ထောင်ရေးပြဿနာများ၊ မိသားစုအတွင်း စကားများခြင်းနှင့် ကွာရှင်းပြတ်စဲခြင်းများကို ဖြစ်ပေါ်စေနိုင်ပြီး မိဘများ၏ လောင်းကစားခြင်းသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်စေကာ စီးပွားရေးအခက်အခဲများကြောင့် ပညာရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ လောင်းကစားပြုလုပ်သူများသည် စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်ဓာတ်ကျဆင်းမှုများ ခံစားရတတ်ပြီး အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်းနှင့် အစာအိမ်ရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ လောင်းကစားခြင်းကြောင့် နောက်ဆက်တွဲပြဿနာများဖြစ်သည့် ခိုးခြင်း၊ လိမ်လည်ခြင်း၊ ငွေချေးစာချုပ်ချိုးဖောက်ခြင်းစသည့် ရာဇဝတ်မှုများကျူးလွန်နိုင်ပြီး ဥပဒေ၏ အပြစ်ပေးခြင်းနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ထို့အပြင် လောင်းကစားသူများသည် မိသားစု၊ မိတ်ဆွေများနှင့် လူမှုအသိုင်းအဝိုင်း၏ ယုံကြည်မှုကို ဆုံးရှုံးသဖြင့် လူမှုရေ ဂုဏ်သိက္ခာ ဆုံးရှုံးတတ်ပါသည်။
ယခုအချိန်သည် အင်တာနက်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အွန်လိုင်းလောင်းကစားလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းတွင် အလွန်အမြန် ကြီးထွားလာခဲ့ပါသည်။
အွန်လိုင်းလောင်းကစား၏ မူလအစနှင့် ကြီးထွားမှု
၁၉၉၀ ပြည့်လွန်နှစ်များတွင် အင်တာနက်ပေါ်ပေါက်လာပြီးနောက် ပထမဆုံးအွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များ ပေါ်ထွက်လာခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်များတွင် နည်းပညာတိုးတက်မှုနှင့်အတူ ဤလုပ်ငန်းသည် သိသိသာသာ ကြီးထွားလာခဲ့သည်။ အွန်လိုင်းလောင်းကစားသည် မိုဘိုင်းဖုန်းဖြင့် မည်သည့်နေရာမှမဆို ကစားနိုင်ခြင်း၊ တစ်နေ့လျှင် ၂၄ နာရီ ဝန်ဆောင်မှုပေးနိုင်ခြင်း၊ စလော့ဂိမ်းများ၊ အားကစားလောင်းကစားခြင်း၊ ကာစီနိုဂိမ်းများ အစုံအလင်ရရှိနိုင်ခြင်း၊ ကြီးမားသောဆုကြေးငွေများ ရရှိနိုင်ခြင်းစသည်တို့ဖြင့် လူအများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ အွန်လိုင်းလောင်းကစားများထဲမှ စလော့ဂိမ်းများသည် အထင်ရှားဆုံး ကစားနည်းတစ်ခုဖြစ်ပါသည်။ ရိုးရှင်းသောစည်းကမ်းချက်များ၊ စွဲမက်ဖွယ်ရာအသံနှင့် အရောင်တောက်ပမှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ ကစားသမားများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
စလော့ဂိမ်း၏ သမိုင်းကြောင်း
စလော့ဂိမ်းများ (Slot Games) ၏ သမိုင်းကြောင်းသည် ၁၉ ရာစုနှောင်းပိုင်းတွင် စတင်ခဲ့ပြီး လက်ရှိကာလအထိ အဆင့်အမျိုးမျိုးဖြင့် ပြောင်းလဲတိုးတက်လာခဲ့သည်။ ပထမဆုံးသော စက်မှုလောင်းကစားစက်များကို နယူးယောက်မြို့တွင် တီထွင်ခဲ့သည်။ ၁၈၉၁ ခုနှစ်တွင် Sittman and Pitt က ဖဲချပ် ၅၀ ပါဝင်သည့် လောင်းကစားစက်ကို တီထွင်ခဲ့ပြီး ထိုစက်သည် ကာစီနိုလောကတွင် လောင်းကစားစက်ခေတ်ကို စတင်စေခဲ့သည်။ နောက်ပိုင်းတွင် Charles Fey အမည်ရှိ တီထွင်သူ တစ်ဦးသည် စက်၏လုပ်ဆောင်မှုများကို ရိုးရှင်းအောင်ပြုလုပ်ခဲ့ပြီး ၁၈၉၅ ခုနှစ်တွင် “Liberty Bell” ဟုခေါ်သော စလော့စက်ကို တီထွင်ခဲ့သည်။ ၎င်းစက်သည် ယခုခေတ် စလော့ဂိမ်းများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ဒရမ်သုံးခုနှင့် စိန်၊ ပို၊ ဂေါ်ဖီထုပ်၊ မြင်းခွာနှင့် Liberty Bell ပုံများပါရှိသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အင်တာနက်ပေါ်ပေါက်လာပြီးနောက် အွန်လိုင်းစလော့ဂိမ်းများ ခေတ်စားလာခဲ့ပါသည်။
စလော့ဂိမ်းများသည် လူကြိုက်များသော အွန်လိုင်းကစားနည်း တစ်မျိုးဖြစ်သော်လည်း ၎င်းတို့ကို ဆော့ကစားခြင်းသည် ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါသည်။ စလော့ဂိမ်းများသည် ဒီဇိုင်း ထုတ်ထားသည့်အတိုင်း ကစားသူများအား ရေရှည်တွင် ငွေကြေးဆုံးရှုံးစေရန် ရည်ရွယ်ပါသည်။ နိုင်ငံ တကာတွင် “Return to Player” (RTP) ရာခိုင်နှုန်းသည် ၉၀-၉၇ ရာခိုင်နှုန်းအတွင်းသာရှိပြီး ဆိုလိုသည်မှာ ကစားသမားများသည် ကစားငွေ၏ ၁၀ ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းကို ပျမ်းမျှအားဖြင့် ဆုံးရှုံးမည်ဖြစ်သည်။ ဤသည်မှာ ကစားသမားများအတွက် မည်သို့ ကစားကစား အမြဲတမ်းဆုံးရှုံးမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ အွန်လိုင်းဂိမ်းများသည် “Return to Player” (RTP) ရာခိုင်နှုန်း ၃၀-၄၅ ရာခိုင်နှုန်းသာရှိသောကြောင့် ကစားသမားတိုင်း၏ ကစားငွေသည် ၇၀ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်း ကစားတိုင်း အမြဲဆုံးရှုံးနေမည်ဖြစ်ပါသည်။ ထို့ကြောင့် အွန်လိုင်းဂိမ်းကစားသူတိုင်းသည် ငွေကြေးဆုံးရှုံးမှုကို မလွဲမသွေ ခံစားကြရပါသည်။
စလော့ဂိမ်းများသည် ဦးနှောက်အတွင်း ဒိုပါမင်းဟော်မုန်းများ ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးပါသည်။ အနိုင်ရသည့်အခါတိုင်း (သို့) နီးစပ်သည့်အချိန်များတွင် ဦးနှောက်သည် ပျော်ရွှင်မှု ဟော်မုန်းများ ထုတ်လွှတ်ကာ ထပ်မံကစားလိုစိတ်ကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ မူးယစ်ဆေးစွဲခြင်း၏ ဇီဝကမ္မဖြစ်စဉ်နှင့် ဆင်တူပါသည်။ ထို့အပြင် ငွေကြေးဆုံးရှုံးမှုများသည် စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ လောင်းကစားစွဲလမ်းသူများတွင် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်လွန်ကဲခြင်း ဖြစ်နိုင်ခြေ သာမန်လူများထက် နှစ်ဆမှ သုံးဆ အထိ ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။ အချိန်ကြာမြင့်စွာ စလော့ဂိမ်းကစားခြင်းသည် မျက်စိညောင်းညာ ခြင်း၊ မျက်စိအားနည်းခြင်း၊ ဇက်ကြော၊ ပခုံးကြောများတင်းမာခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် အိပ်စက်ခြင်းပုံမှန်မရှိခြင်း၊ ထိုင်းမှိုင်းခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။
မြန်မာနိုင်ငံနှင့် စလော့ဂိမ်းအန္တရာယ်
မြန်မာနိုင်ငံတွင် အွန်လိုင်းစလော့ဂိမ်းများ ခေတ်စားလာခြင်းသည် လူငယ်လူရွယ်များ အပါအဝင် လူကြီးများပါ ထိခိုက်နစ်နာစေနိုင်သော ပြဿနာတစ်ရပ်အဖြစ် ကြီးထွားလာနေပါသည်။ အင်တာနက်လွယ်ကူလာသောကြောင့် အွန်လိုင်းကစားနည်းများ ပိုမိုရေပန်းစားလာခဲ့ပြီး စလော့ဂိမ်းများသည် လွယ်ကူစွာ ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်မျိုးဖြစ်လာခဲ့သည်။ မိုဘိုင်းငွေချေစနစ်များ ပေါများလာခြင်းကလည်း ဤအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ လူအများစုတို့သည် စီးပွားရေးခက်ခဲမှုများကြောင့် လျင်မြန်စွာချမ်းသာနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြရာ စလော့ဂိမ်းများသည် “လွယ်ကူသောငွေရှာနည်း” အဖြစ် အထင်မှားစေပါသည်။ အမှန်တကယ်တွင်မူ ကစားသမားအများစုသည် ဆုံးရှုံးမှုသာ ကြုံတွေ့နိုင်သော်လည်း မြန်မာနိုင်ငံရှိ အွန်လိုင်းစလော့ဂိမ်းအများစုသည် တရားဝင်မဟုတ်သော ချန်နယ်များမှတစ်ဆင့် ကစားနေကြခြင်းဖြစ်သောကြောင့် ဂိမ်းများတွင် ငွေကြေးလိမ်လည်မှုများ ကြုံတွေ့နိုင်ခြေမြင့်မားခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ခိုးယူခံရနိုင်ခြင်း၊ ငွေသားထုတ်ယူမှုများ ပြဿနာရှိခြင်း စသည့်ပြဿနာများစွာရှိပါသည်။
မြန်မာ့ယဉ်ကျေးမှုတွင် မိသားစုသည် အလွန်အရေးကြီးသော်လည်း စလော့ဂိမ်းစွဲလမ်းမှုကြောင့် မိသားစုအတွင်း ငွေကြေးအခက်အခဲများ ဖြစ်ပေါ် စေခြင်း၊ အိမ်ထောင်ရေးပြဿနာများ ပေါ်ပေါက်လာခြင်း၊ မိဘများနှင့် သားသမီးများကြား ဆက်ဆံရေးပျက်စီးခြင်း၊ ပညာရေးထိခိုက်ခြင်း၊ အနာဂတ်များ ဆုံးရှုံးခြင်း စသည့်ဆိုးကျိုးများကို အတိုင်းအဆမရှိခံစားရပါသည်။
မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကာလတွင် ရှိနေသေးသောကြောင့် စလော့ဂိမ်း၏အန္တရာယ်များကို ကာကွယ်ရန်လိုအပ်ချက်များ ရှိနေပါသည်။ လူတိုင်း လူတိုင်းသည် ဤအန္တရာယ်များကို သိရှိနားလည်ပြီး ကာကွယ်တတ်ရန် လိုအပ်ပါသည်။ အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် မိသားစုများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အဆိုပါ ပြဿနာကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၊ မိမိချစ်ရသူများနှင့် မိမိပတ်ဝန်းကျင်အား လုံးဝအကျိုးမပြုဘဲ ဆိုးကျိုးများသာပေးသော လောင်းကစားနှင့် အွန်လိုင်းလောင်းကစား (စလော့ဂိမ်း) တို့ကို လုံးဝအစပြုလုပ်၍ မကစားကြပါရန် အသိပေးရေးသားလိုက်ပါသည်။ ။


