ဘရပ်ဆဲလ် စက်တင်ဘာ ၂၁
လေယာဉ်တက်ရန် စာရင်းသွင်းခြင်းနှင့် ခရီးသည်များလေယာဉ်ပေါ်တက်ရန် လုပ်ဆောင်မှုစနစ်များတွင် ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်လေဆိပ်၌ လေယာဉ်ခရီးစဉ်များဖျက်သိမ်းရခြင်းနှင့် အချိန်နှောင့်နှေးခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး ယင်းအခြေအနေမှာ စက်တင်ဘာ ၂၁ ရက်အထိ ဆက်လက်ဖြစ်ပေါ်မည်ဟု ဘရပ်ဆဲလ်လေဆိပ်က စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။
ဆက်လက်ဖြစ်ပေါ်နေသည့် ချွတ်ယွင်းမှုများကြောင့် စက်တင်ဘာ ၂၁ ရက်နေ့ ထွက်ခွာမည့် လေကြောင်းလိုင်းများ၏ နေ့တစ်ပိုင်းခရီးစဉ်များကို ဖျက်သိမ်းရန် တောင်းဆိုထားကြောင်း လေဆိပ်ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ခရီးသည်များအနေဖြင့် လေဆိပ်သို့မထွက်ခွာမီ ၎င်းတို့၏ လေယာဉ်အခြေအနေကို လေကြောင်းလိုင်းများနှင့် အတည်ပြုရန် အကြံပြုထားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ဥရောပကော်မရှင် ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၀ ရက်တွင် ပြောသည်။
ခရီးသည်များအနေဖြင့် နှောင့်နှေးကြန့်ကြာမှုများနှင့် တွေ့ကြုံနေရသော်လည်း လေကြောင်းလုံခြုံရေးနှင့် လေကြောင်းထိန်းချုပ်ရေးစနစ်များကို ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး သက်ဆိုင်ရာအေဂျင်စီများနှင့်အတူ လုပ်ဆောင်နေပြီး ဆိုးရွားသည့်ဆိုက်ဘာတိုက်ခိုက်မှုဖြစ်လာနိုင်ခြေမရှိဟုလည်း ကော်မရှင်က ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ


