စက်တင်ဘာ ၁၀

 

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တော်ဝူဟန်မှ ရုရှားနိုင်ငံ မြို့တော်မော်စကိုသို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ယမန်နေ့က ပြန်လည်စတင်ခဲ့ရာ နှစ်နိုင်ငံအကြား အပြန်အလှန် သွားလာဆက်ဆံမှုများ မြှင့်တင်ခဲ့ကြောင်း သိရသည်။

 

China Southern Airlines လေယာဉ် CZ8003 သည် ဝူဟန်မှ ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ထွက်ခွာခဲ့ရာ ခရီးသည် ၂၇၁ ဦး လိုက်ပါသွားကြောင်းနှင့် အပတ်စဉ် တနင်္ဂနွေနှင့် အင်္ဂါနေ့များတွင် နှစ်ကြိမ် ဝူဟန်မှ မော်စကိုသို့ Airbus A350-900 လေယာဉ်ပျံသန်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဝူဟန်မှ ပေကျင်းစံတော်ချိန် ညနေ ၃ နာရီ ၁၀ မိနစ်တွင်  လေယာဉ်ထွက်ခွာပြီး ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် မော်စကိုမြို့သို့ ရောက်ရှိသည်။ မော်စကိုမှ ည ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်သည်။ ဝူဟန်မြို့သို့ နောက်တစ်နေ့ ပေကျင်းစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်တွင် ရောက်ရှိသည်ဟု သိရသည်။

 

အဆိုပါ ပျံသန်းမှုလမ်းကြောင်းကို ၂၀၁၄ ခုနှစ် ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြထားသည်။

 

ရုရှားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို ယခုနှစ်စက်တင်ဘာ ၁၅ ရက်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်အထိ တရုတ်နိုင်ငံကကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ခရီးစဉ်ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှားက ထိုအတိုင်း ပြန်လည်တုံ့ပြန်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို