ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး


ဗိုင်ရပ်စ်ပိုးများ၏ သဘာဝအရ ၎င်းပိုးတို့သည် သူတို့၏ ရှင်သန်နိုင်မှုစွမ်းအားကို ကိုယ့်ဘာသာကိုယ် မျိုးဗီဇပြောင်းလဲခြင်းဖြင့် မြှင့်တင်လေ့ရှိသည်။ ထိုဗီဇပြောင်းမျိုးကွဲများကို ကိုဗစ်ဂါဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးများတွင် စတင်တွေ့ရှိလာနေရသည်ဟု အင်္ဂလန်နိုင်ငံက ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့ပါသည်။


ထိုဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် ယခင်ကထက် ရောဂါဝေဒနာ ပိုမိုပြင်းထန်သည်ဟူသည့် အထောက်အထား မတွေ့ရသေးသော် လည်း ပိုမိုမြန်ဆန်စွာ ကူးစက်ပျံ့နှံ့လွယ်သည်မှာတော့ ထင်ရှား နေ၏။


ဗီဇရင့်သန်ပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါပိုးကို စတင်စစ်ဆေးတွေ့ရှိခဲ့သည်မှာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းအရပ်နှင့် ဝေလနယ်၊ စကေတလန်တို့တွင်ဟု သိရ၏။ ယခုအခါ ဗီဇပြောင်းပိုး၊ အသွင်ပြောင်းပိုးကို ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အိုင်ယာလန်၊ နယ်သာလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်နိုင်ငံ အစရှိသည့် ဥရောပနိုင်ငံများတွင်ပါတွေ့ရှိနေသည်ဟုလည်း သတင်းများက ဆိုပါသည်။ 


ယင်းဒေသများအပြင် အာရှ၊ ဩစတြေးလျ၊ အရှေ့အလယ်ပိုင်း နှင့် တောင်အမေရိကနိုင်ငံများတွင်ပါ တွေ့ရှိနေရပြီလည်း ဖြစ်ပါသည်။ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးကို အာဆီယံနိုင်ငံများတွင် ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တွေ့ရှိနေပြီဟု သိရသည်က မြန်မာနိုင်ငံအတွက် သတိထားရန် အထူးလိုအပ်မည် ဖြစ်ပါသည်။ သတင်းဌာနများ၏အဆိုအရ ဗီဇပြောင်းဗိုင်းရပ်စ်ပိုးသည် ကူးစက်ပြန့်ပွားမှုနှုန်း ၁ ဒသမ ၇ ဆ ပိုပါသည်။ ယခင်က လူတစ်ရာကူးစက်မှုသည် ယခုဗီဇပြောင်းဗိုင်းရပ်စ်ပိုးတွင် လူတစ်ရာ့ခုနစ်ဆယ်ထိ ကူးလာနိုင်ပေသည်။ သိသိသာသာ ကူးစက်မှု မြန်ဆန်လာခြင်း ဖြစ်ပါသည်။ 


ဗီဇပြောင်ဆိုင်းရပ်စ်ပိုး၏ အန္တရာယ်က မြန်မာပြည်သူလူထုအတွက် အလွန်အမင်း စိုးရိမ်ပူပန်ကာ ထိတ်လန့်တကြားနှင့်ဆောက်တည်ရာမရ ဖြစ်ကြရန်မဟုတ်သော်လည်း သတိကြီးစွာထားကြရန်မူ အထူးလိုအပ်မည်ဖြစ်ပါသည်။ ဗီဇပြောင်းပိုးကို စတင်တွေ့ရှိစဉ်က ကလေးငယ်များတွင် ကူးစက်မှုပိုမိုဖြစ်ပွားသည်ဆိုသော်လည်း လက်တွေ့တွင် ကလေးလူကြီးမရွေး ကူးစက်လွယ်သည်ဟု တွေ့ရှိနေရပါသည်။ ထိခိုက်သေဆုံးမှု ပိုမိုများပြားသည်ဟု မတွေ့ရသကဲ့သို့၊ ယခုစတင်သုံးစွဲနေကြပြီဖြစ်သော ကာကွယ်ဆေးများ မတိုးနိုင်ဟူသည်မှာလည်း ခိုင်လုံသော အထောက်အထားမရှိပါ။


ယင်းနှင့်ပတ်သက်၍ ထိုဗိုင်းရပ်စ်ပိုးတို့၏ မျိုးရိုးဗီဇပြောင်းလဲလာမှုကို ခွဲခြမ်းစိတ်ဖြာလေ့လာနေသည့် ပညာရှင်အဖွဲ့က ဗီဇအပြောင်းပိုးတွေ့ရှိကြောင်း ကြေညာပြီးသည့်နေက်တွင် ဗြိတိန်နိုင်ငံတွင် ရောဂါဖြစ်ပွားမှုနှုန်း အလွန်များပြားစွာ ပျံ့နှံ့လာကြောင်း တွေ့ရှိနေရသည့်အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အင်္ဂလန်တစ်နိုင်ငံလုံးကို သွားလာမှုကန့်သတ်ကြောင်း ကြေညာချက်ကို ဝန်ကြီးချုပ်ကိုယ်တိုင် ထုတ်ပြန်လိုက်ပါသည်။ သွားလာမှု ကန့်သတ်သည်ဆိုသည်မှာ အဓိကအားဖြင့် အင်္ဂလန်နိုင်ငံသားအားလုံး အိမ်တွင်းတွင် နေထိုင်ကြရန် ဖြစ်ပါသည်။


နိုင်ငံသားများ၏အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ ပြည်သူအားလုံး အိမ်တွင်နေရန်နှင့် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန် ကန့်သတ်တားမြစ်ထားခြင်းဖြစ်ပါသည်။ အမှန်တကယ် လိုအပ်သည့် ဈေးဝယ်၊ အလုပ်သွား၊ ကျန်းမာရေးကိစ္စ အစရှိသည်တို့လိုအပ်လျှင် ခွင့်ပြုချက်ဖြင့်သာထွက်ရန်၊ ခွင့်ပြုချက်မရှိဘဲ အခြားအရပ်ကလသူများနှင့် မတွေ့ဆုံရ။ ယင်းသည် ဥပဒေဖြင့် တားမြစ်ထားခြင်းဖြစ်သောကြောင့် ဖောက်ဖျက်လျှင် အရေးယူ မည်ဟုဆို၏။


ကူးစက်နိုင်သော ရောဂါပိုးရှိနေသူကို ဓာတ်ခွဲစစ်ဆေးမလုပ်ဘဲ မည်သို့မျှမသိနိုင်။ ထို့ကြောင့် စနစ်တကျလက်ဆေး၊ လူချင်း ခြောက်ပေခွာနေ၊ ရောဂါပိုးဝင်နိုင်သောမျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို မကိုင်တွယ်မိအောင် သတိဖြင့်နေ၊ အပြင်သို့ မဖြစ်မနေထွက်ရလျှင် နှာခေါင်းနှင့်၊ ပါးစပ်နည်းနှင့် မျက်နှာဖုံးတပ်ဆင် အစရှိသည့် အခြေခံကာကွယ်ရေးစနစ်များကို လိုက်နာကြရန်လည်း ဗြိတိန်နိုင်ငံက နှိုးဆော်ထသည်။ အဆိုပါ အခြေခံကျန်းမာရေးကာကွယ်မှုစနစ်များသည် ဗြိတိန်နိုင်ငံ၌သာမက ကမ္ဘာအရပ်ရပ် မည်သည့်နိုင်ငံတွင်မဆို လိုက်နသင့်သည့် စနစ်များပင်။ မြန်မာနိုင်ငံသည်လည်း ထိုနည်းနှင်နှင်ပင် လိုက်နကျင့်ကြံကြရမည် ဖြစ်ပါ၏။


ယခု ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ထွက်ပေါ်လာခြင်းသည် အထိတ်တလန့်ဖြစ်ရမည် မဟုတ်သော်လည်း အထူးသတိထားရမည့် အရေးဖြစ်ပါသည်။ ကျန်းမာရေးအခြေခံ စည်းမျဉ်းများနှင့် ကာကွယ်ရေးစနစ်များကို လိုက်နာကျင့်ကြံကြခြင်းဖြင့် ကပ်ရောဂါဘေးတို့က ကင်းဝေးကာ မြန်မာနိုင်ငံသား ပြည်သူတို့ ကျန်းမာ ရွှင်လန်းနိုင်ကြပါစေသတည်း။ ။


မြန်မာ့အလင်း