ဒီဇင်ဘာ ၁၁

ဗီယက်နမ်မြို့တော် ဟနွိုင်းသည် ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းများအား ဓာတ်ဆီသုံးယာဉ်များမှ လျှပ်စစ်ဓာတ်အားသုံးယာဉ်များသို့ ပြောင်းလဲမှုအားပေးရန်အတွက် ငွေကြေးထောက်ပံ့မှု အစီအစဉ်အမျိုးမျိုးကို အဆိုပြုထားကြောင်း ဒေသတွင်း နေ့စဉ်သတင်းစာ VnEconomy တွင် ယမန်နေ့က ဖော်ပြခဲ့သည်။

လျှပ်စစ်မော်ဒယ်များသို့ ပြောင်းလဲအသုံးပြုသော ဓာတ်ဆီသုံး မော်တော်ဆိုင်ကယ်ပိုင်ရှင်များသည် ထိုယာဉ်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ထောက်ပံ့မှု ရရှိမည်ဖြစ်ပြီး ဗီယက်နမ်ဒေါင် ငါး သန်း (အမေရိကန်ဒေါ်လာ ၁၉၂ ခန့်) အထိ ကန့်သတ်ထားကြောင်း မြူနီစပယ် ဆောက်လုပ်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး Dao Viet Long က မှတ်ချက်ပြုခဲ့သည်ဟု သိရသည်။

ဝင်ငွေနည်းအိမ်ထောင်စုများသည် ထိုယာဉ်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းအထိ ထောက်ပံ့မှု ရရှိနိုင်ပြီး အများဆုံး ဒေါင်  သန်း ၂၀  (ဒေါ်လာ ၇၆၈ ခန့်) အထိ ရရှိနိုင်ပြီး ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများသည် ၈၀ ရာခိုင်နှုန်း (ဒေါင် ၁၅ သန်း (ဒေါ်လာ ၅၇၆ ခန့်) အထိ ထောက်ပံ့မှု ရရှိနိုင်သည်။

မော်တော်ဆိုင်ကယ်များ ပြောင်းလဲအသုံးပြုရန်အတွက် မြို့တော်က မှတ်ပုံတင်ကြေး၏ ၅၀ ရာခိုင်နှုန်းကိုလည်း ကျခံပေးမည်ဖြစ်သည်။ ဝင်ငွေနည်းနှင့် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများသည် အပြည့်အဝထောက်ပံ့မှု ရရှိမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို