စက်တင်ဘာ ၂၃
ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းတွင် စက်တင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်သူ ၂၅၈ ဦးထပ်မံတွေ့ရှိခဲ့ပြီး ယခင်သီတင်းပတ်က ယင်းရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၁၉၀ ထက် သိသိသာသာ မြင့်တက် လာကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ် နှစ်စပိုင်းမှစတင်ကာ ဟနွိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၈၄ ဦး ရှိလာရာ ၂၀၂၄ ခုနှစ်က ထိုရောဂါဖြစ်ပွားမှုနှင့်နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဖော်ပြထားသည်။
ရောဂါဖြစ်ပွားသည့်နေရာများရှိ အင်းဆက်အညွှန်းကိန်းများသည် အန္တရာယ်မြင့်မားသည့်အဆင့်တွင် ရှိနေကြောင်းနှင့် နှစ်စဉ်ကူးစက်ပျံ့နှံ့မှု ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက သတိပေးထားသည်။
စောစီးစွာသိရှိနိုင်မှုအားကောင်းစေရန်နှင့် ပေါ်ပေါက်လာသောရောဂါများ အထူးသဖြင့် ရောဂါဖြစ်ပွားမှုမြင့်မားသောနေရာများတွင် အချိန်နှင့်တစ်ပြေးညီတုံ့ပြန်မှုရှိစေရန် ကျန်းမာရေးဌာနများကိုလည်း ညွှန်ကြားထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


