ဟနွိုင်း ဩဂုတ် ၂၇
ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့၏ ဩဂုတ် ၂၂ ရက်က ထုတ်ပြန်လိုက်သော ဆုံးဖြတ်ချက်အသစ်အရ ဗီယက်နမ်နိုင်ငံသည် နိုင်ငံ၏ပညာရေးစနစ်ကို ၂၀၄၅ ခုနှစ် တွင် ကမ္ဘာ့ထိပ်တန်းပညာရေးစနစ် ၂၀ ထဲ ပါဝင်နိုင်ရေး ရည်မှန်းလုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာ VNExpress က ဩဂုတ် ၂၇ ရက်တွင် ဖော်ပြထား သည်။
အဆိုပါဆုံးဖြတ်ချက်တွင် နိုင်ငံအတွင်းရှိ တက္ကသိုလ် ၁၀၀ ရာခိုင်နှုန်းမှာ အမျိုးသားစံချိန်စံညွှန်းတွေကို ပြည့်မီရမည်ဖြစ်ကြောင်း၊ ၂၀ ရာခိုင်နှုန်းမှာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့်အဆင့်များသို့ ရောက်ရှိရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံရှိ တက္ကသိုလ်များအနက် အနည်းဆုံးတက္ကသိုလ်တစ်ခုမှာ ၂၀၃၀ ပြည့်နှစ်တွင် ရွေးချယ်ထားသော ပညာရပ်နယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းထဲ ပါဝင်နိုင်ရမည်ဖြစ်ကြောင်း စသည့် အဓိကပန်းတိုင်များကို အလေးပေး ဖော်ပြထားသည်။
အခက်အခဲရှိသောဒေသများ၊ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးသော ဒေသများမှ ဆရာ ဆရာမများ အတွက် ထောက်ပံ့ကြေးကို နှစ်ဆတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် အစိုးရ၏ပညာရေးအပေါ် သုံးစွဲမည့်ဘတ်ဂျက်ကို နိုင်ငံတော်ဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


