ဟနွိုင်း၊ စက်တင်ဘာ ၉
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းရာဂိ ဝင်ရောက်မှုကြောင့် မြေပြိုမှုနှင့်ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်တွင် ဒေသခံ ၅၉ ဦး သေဆုံးပြီး အများအပြားပျောက်ဆုံးနေကြောင်း ဆင်ဟွာသတင်းအရ သိရသည်။
၎င်းတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကွန်နင်းပြည်နယ်တွင် ၁၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရေယာဉ် ၂၅ စင်း နစ်မြုပ်ပျက်စီးခဲ့ကာ စပါးစိုက်ဧက ဟက်တာ ၁၁၃၀၀၀ နှင့် အခြားသီးနှံစိုက်ဧက ဟက်တာ ၂၂၀၀၀ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ဖူသိုပြည်နယ်၌ တိုင်ဖွန်းမုန်တိုင်းရာဂိ ဝင်ရောက်တိုက်ခတ်အပြီး ယနေ့တွင် သံမဏိသံပေါင်တံတားတစ်စင်း ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။ တံတားကျိုးကျမှုကြောင့် တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်အများအပြား တံတားအောက်ရှိ မြစ်အတွင်းသို့ ထိုးကျခဲ့သည်။
ယနေ့နံနက် ၁၀ နာရီတွင် တံတားကျိုးကျမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် သုံးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တံတားကျိုးကျမှုကြောင့် ဒေသအတွင်းရှိ လန်သိုနှင့် တန်နောင် ခရိုင်များအကြား ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဒုတိယဝန်ကြီးချုပ် ဟိုဒိုဖာ့ဒ်က သွားရောက် ကြည့််ရှုစစ်ဆေးခဲ့သည်။
လက်ရှိအချိန်တွင် ဒေသခံများ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ယာယီရေပေါ် တံတားတစ်ခု တည်ဆောက်ရန် ၎င်းကညွှန်ကြားခဲ့သည်။ အခင်းဖြစ်ပွားရာတံတားအောက်ရှိ မြစ်တွင် တပ်မတော်က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် မော်တော်ဘုတ်များ အသင့်ပြင်ဆင်ထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဖန်ဒတ်ဒူရင်က ပြောကြားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် တံတားအောက်သို့ ပြုတ်ကျခဲ့သည့်ယာဉ်များတွင် ခရီးသည်အရေအတွက် မည်မျှစီးနင်း လိုက်ပါလာကြောင်း မခန့်မှန်းနိုင်သေးသည့်အတွက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ကို မသိရှိနိုင်သေးကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ


