ဗီယက်နမ်နိုင်ငံ၌ မျောက်ကျောက်ရောဂါဖြစ်ပွားရာမှ ပထမဆုံးသေဆုံးသူရှိလာ

အောက်တိုဘာ ၂၅

ဗီယက်နမ်နိုင်ငံတောင်ပိုင်း လောင်အန်ပြည်နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည် မျောက်ကျောက်ရောဂါ ဖြစ်ပွားရာမှ ပထမဆုံးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။

ထိုသူသည် မျောက်ကျောက်ရောဂါနှင့် အေအိုင်ဒီအက်စ် ခုခံအားကျဆင်းရောဂါနောက်ဆုံးအဆင့်ခံစားနေရသူဖြစ်သည်။

၎င်းသည် အောက်တိုဘာ ၂ ရက်က အနာဖုများပေါက်ပြီး ဖျားနာခဲ့ရာ ၎င်းကိုဟိုချီမင်းဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါလူနာသည် အသက်ရှူအထောက်အကူပြုကိရိယာတပ်ဆင်ခြင်းနှင့် သွေးစစ်ထုတ်ခြင်းတို့ဖြင့် ၁၈ ရက်ကြာ ကုသမှုခံယူပြီးနောက်  သေဆုံးခဲ့ခြင်းဖြစ်သည်။

ဟိုချီမင်းမြို့တွင် ယခုနှစ်အစပိုင်းမှစတင်ကာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂၀ ရှိသည်။ ၎င်းတို့အနက် အိတ်ချ်အိုင်ဗွီရောဂါဖြစ်ပွားသူ ၁၈ ဦးတွင် ၁၇ ဦးသည် အမျိုးသားများဖြစ်ပြီး တစ်ဦးသည် အမျိုးသမီးဖြစ်သည်။ ၎င်းလူနာများအားလုံးသည် ဟိုချီမင်းဆေးရုံတွင် ကုသမှုခံယူနေသူများဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို