အောက်တိုဘာ ၉
ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းမတ်မိုတိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ၁၀ ဦးထက်မနည်းသေဆုံးပြီး အခြားခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်နှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံးပေါင်း ၂၂၂၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကာ အခြား ၇၁၁ လုံး ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး အခြားသီးနှံများနှင့် ဆန်စပါးမြေဟက်တာ ၂၃၀၀၀ ခန့်ရေနစ်မြုပ်ခံရကြောင်း ထိုအေဂျင်စီက ပြောကြားသည်။
ရေကြီးမှု၊ မြေပြိုမှုများတွင် မွေးမြူရေတိရစ္ဆာန်အကောင်ရေ ၃၆၀၀၀၀ ကျော် သေဆုံး သို့မဟုတ် မျောပါသွားကြောင်းနှင့် အိမ်ထောင်စုပေါင်း ၂၁၇၀၀၀ ကျော် ဓါတ်အားပြတ်တောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ဗီယက်နမ်အစိုးရက မုန်တိုင်းဒဏ်ခံရသောပြည်နယ်များကို ထောက်ပံ့ရန်အတွက် ဗီယက်နမ်ဒေါင် ၁၄၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်းခန့်) တန်ဖိုးရှိ အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်တစ်ခုကို ယမန်နေ့က အတည်ပြုခဲ့ကြောင်း အစီရင်ခံစာတွင် ထပ်လောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


