ဟနွိုင်း နိုဝင်ဘာ ၉

 

ဗီယက်နမ်နိုင်ငံတောင်ပိုင်း အချက်အချာကျသည့် ဟိုချီမင်းမြို့၌ ကုမ္ပဏီတူ အသားညှပ်ပေါင်မုန့်ဆိုင်နှစ်ဆိုင်မှ ဝယ်စားမိသူများ အစာအဆိပ်သင့်မှုကြောင့် ၁၆၂ ဦး ဆေးရုံတင်ထားရသည်ဟု ဗီယက်နမ်သတင်းအေဂျင်စီတွင် နိုဝင်ဘာ ၈ ရက်က ဖော်ပြထားသည်။

 

တစ်ဦးမှာ အခြေအနေစိုးရိမ်

 

ဆေးရုံတက်ရသူအများစုမှာ ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း ၊ အဖျားတက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ကို ခံစားခဲ့ရသည်။ ၎င်းတို့ထဲမှ လူနာတစ်ဦးမှာ အခြေအနေစိုးရိမ်ရပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရသည်။ 

 

၁၀၅ ဦးမှာ ဆေးရုံမှ ဆင်းသွား

 

ကိုယ်ဝန်ဆောင်တစ်ဦးမှာလည်း လမစေ့ဘဲ မွေးဖွားမည့် အခြေအနေနှင့်တွေ့ကြုံနေရသည်။ လူနာတစ်ဦးထံမှ သွေးနမူနာကို စစ်ဆေးကြည့်ရာ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေသည့် ဗက်တီးရီးယားပိုးတစ်မျိုးကို တွေ့ရှိရသည်။ လူနာ ၁၀၅ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ၅၇ ဦးမှာ စောင့်ကြည့်နေရဆဲ အခြေအနေဖြစ်သည်။

 

ဒေသခံအာဏာပိုင်များက အဆိုပါ အသားညှပ်ပေါင်မုန့်ဆိုင် နှစ်ဆိုင်စလုံးကို ယာယီပိတ်ခိုင်းထားပြီး အစာအဆိပ်သင့်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်သည်။

 

ဆင်ဟွာ