ဗီယင်ကျန်း အောက်တိုဘာ ၂၀
လာအိုနိုင်ငံသို့ အပူပိုင်းမုန်တိုင်း ဖန်ရှန် ချဉ်းကပ်ရောက်ရှိလာနိုင်ခြင်းနှင့်အတူ နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုခြင်းနှင့် ရေကြီးခြင်းများဖြစ်ပေါ်လာနိုင်သဖြင့် ဒေသခံပြည်သူများကို ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ပြင်ဆင်ထားရန် သက်ဆိုင်ရာအာဏာပိုင်များက သတိပေးတိုက်တွန်းထားသည်။
မုန်တိုင်းသည် လာအိုသို့ ဖြတ်ကျော် မဝင်ရောက်မီ ဗီယက်နမ်သို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ အပူပိုင်းမုန်တိုင်းကြောင့် လာအိုနိုင်ငံတစ်ဝန်း တချို့ဒေသများတွင် အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ အနည်းငယ်မှ အလယ်အလတ်အထိ မိုးသက်မုန်တိုင်းများ ကျရောက်နိုင်ကြောင်း လာအိုစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကျေးလက်ဒေသများတွင် ရေလွှမ်းမိုးခြင်း စသည့် ဘေးအန္တရာယ်များမှ ဒေသခံပြည်သူများကို သတိထားနေထိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များက တိုက်တွန်းထားသည်။
ထို့ပြင် မုန်တိုင်းသတိပေးသတင်းအချက်အလက်များကို မပြတ်ဂရုစိုက်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်အခါအားလျော်စွာ ထုတ်ပြန်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များကို လိုက်နာရန်လည်း ဒေသခံပြည်သူများကို တိုက်တွန်းထားသည်။
အပူပိုင်းမုန်တိုင်း ဖန်ရှန်သည် အောက်တိုဘာ ၁၉ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ပြည်နယ် ကိုးခု၊ မြို့ပေါင်း ၃၅ မြို့အတွင်းရှိ မိသားစုပေါင်း ၃၇၈၂၅ စု သို့မဟုတ် ၁၃၃၁၉၆ ဦး မုန်တိုင်းဒဏ်ခံစားခဲ့ရကြောင်း သိရသည်။
ဆင်ဟွာ


