ဗန်းမောက် ဇူလိုင် ၂
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့၌ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသူ လူနာများအား ထားရှိရန် နေရာအခက်အခဲဖြစ်နေကြောင်း သိရသည်။
“ကျွန်တော်တို့ အခုဆိုရင် ဇွန်လ ၂၉ ရက်စလို့ ဇူလိုင် ၂ ရက် မနက်ပိုင်းထိ စစ်လိုက်တဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၆၄) ဦးရှိလာပြီ။ ဗန်းမောက်မှာ ဒီရောဂါပိုးက အတော်လေး ပျံ့နှံ့နေပြီလို့ ယူဆရတယ်ဗျ။ ကျွန်တော်တို့က တစ်နေ့ကို ၁၀၀ ကျော်လောက်တော့ စစ်ဆေးပေးနိုင်တယ် ။ ဒါပေမယ့် စစ်ဆေးလို့ ပိုးတွေ့တဲ့လူနာတွေကို ထားဖို့ရာ နေရာကလိုအပ်နေပြီ။ အခုဆိုင်ရင် လူနာတွေကို နေရာ ၄ ခုမှာ ထားတယ်။ နောက်ထပ် ဘယ်နေရာမှာထားမလဲဆိုတာ မြို့မိ မြို့ဖတွေနဲ့ တိုင်ပင်ရတာဖြစ်ပါတယ်” ဟုယမန်နေ့က မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာကျော်ကျော်လင်းက ပြောသည်။
ယခုအခါ ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံတွင် တစ်ရက်လျှင် လူ ၁၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးပေးလျက်ရှိရာ တစ်ရက်လျှင် ပျမ်းမျှ ၅၀ ကျော် တွေ့ရှိနေရပြီး ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၂ ရက် နံနက်ပိုင်း ၁၁ နာရီထိ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ ၁၈၆ ဦးရှိခဲ့သည်။ အဆိုပါလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံဟောင်း၊ ပြည်သူ့ဆေးရုံ အဆောက်အအုံသစ် နှစ်ထပ်ဆောင်၊ မြို့နယ်အားကစားခန်းမနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကျောင်း တို့တွင် ၆ ပေကွာ ထားရှိကာ ဆေးကုသပေး လျက်ရှိပြီး မြို့မိမြို့ဖများကလည်း ထပ်တိုး ကိုဗစ် - ၁၉ ရောဂါလူနာများအား ထားရှိရန် နေရာများအား ရှာဖွေနေကြောင်း သိရသည်။
ဗန်းမောက်မြို့တွင် ဇွန်လ ၂၉ ရက်က ပန်းသတင်းစားသောက်ဆိုင်နှင့် မြို့အထွက် ပန်းသတင်း KTV ဆိုင်မှ အလုပ်သမား ၇၈ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခဲ့ရာ ၅၂ ဦးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လိူင်ဘွား(ဗန်းမောက်)


