ဗန်းမော် ၂၀ ဖေဖော်ဝါရီ
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ပြည်သူများ မှုခင်းများနှင့် ပတ်သက်ပြီး ဆင်ခြင်သတိပြု ရှောင်ကြဉ်နိုင်စေရန် ရည်ရွယ်၍ ဗန်းမော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကျော်ခိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့နယ် မလူလာကျေးရွာ အဝေရာရာမဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲသို့ ဗန်းမော်မြို့နယ် မလူလာကျေးရွာ ဒေသခံကျေးလက်နေ ပြည်သူ ၈၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပြီး ဗန်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကျော်ခိုင် က လူသတ်မှု၊ သက်ငယ်မုဒိမ်းမှု မဖြစ်အောင် ရှောင်ကြဉ် သတိပြုရန် အချက်များ၊ သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ မိဘအုပ်ထိန်းသူများ သက်ငယ်မုဒိမ်းမှု မဖြစ်စေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် မှုခင်းဖြစ်ပွားနိုင်မှုများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗန်းမော်မြို့ အမှတ်(၁၀ဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး သက်နိုင်ဦး က ယာဉ်မတော်တဆမှု ဖြစ်ပွာရသည့် အချက်များ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လည်းကောင်း၊ လူကုန် ကူးမှုတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်မိုးနိုင် က လူကုန်ကူးမှု ကျူးလွန်သူများ၏ အမူအကျင့်များ၊ လူကုန်ကူးမှု မခံရအောင် ဆင်ခြင်သတိပြုရန်အချက်များနှင့် အရေးယူခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကို လည်းကောင်း ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မှုခင်းမဖြစ်ပွားစေရေး သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးလက်ကမ်း စာစောင်များကို တက်ရောက်လာကြသူများ မှုခင်းဖြစ်ပွားမှု ရှောင်ကြဉ်သတိပြုစေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


