သတင်းဆောင်းပါး - တင်မောင်အေး
ဗယ်လင်တိုင်းနေ့ ဒါမှမဟုတ် ချစ်သူများနေ့ဆိုတဲ့နေ့တစ်နေ့ မကြာသေးမီနှစ်များအတွင်းကစလို့ မြန်မာ ပြည်မှာ ခေတ်စားလာပါတယ်။ မြို့ကြီးပြကြီးက လူငယ်တွေ အတော်များများဟာ အစပိုင်းတုန်းက ချစ်သူများနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တယ်လီဖုန်းတို့အီးမေးလ်တို့နဲ့ အပြန်အလှန် နှုတ်ခွန်းဆက်စကားပြောကြ၊ မက်ဆေ့(ချ်)တွေပို့ကြ၊ လက်ဆောင်တွေ အပြန်အလှန်ပို့ကြရာက နောက်ပိုင်းမှာတော့ ချိန်းတွေ့ကြတဲ့ အဆင့်အထိ ရောက်လာပါတယ်။ ဒါပေမယ့် အများလုပ်လို့သာ လိုက်လုပ်ကြရတယ်။ အဲဒီချစ်သူများနေ့ဆိုတာ ဘယ်လိုပေါ်ပေါက်လာတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘယ်လိုလုပ်ကြတာလဲဆိုတဲ့ ဇာစ်မြစ်တွေကိုတော့ လူငယ်တွေရေရေရာရာသိကြမှာ မဟုတ်ပါဘူး။
ခေတ်စားနေတာကြာ
ကျွန်တော်တို့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ချစ်သူများနေ့ ခေတ်စားနေတာကြာပါပြီ။ ထိုင်းလူငယ်တွေ၊ လူလတ် ပိုင်းတွေ တောရောမြို့ပါ အများအပြား ဆင်နွှဲကြလို့ ခုဆိုရင် ချစ်သူများနေ့ဟာ ထိုင်းရိုးရာနေ့တစ်နေ့လိုတောင် ဖြစ်နေပါပြီလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ တကယ်တော့ ထိုင်းဟာ ဗုဒ္ဓဘာသာကို မိရိုး ဖလာ ကိုးကွယ်ကြတဲ့ အရှေ့တိုင်းနိုင်ငံပါ။ ဒါကြောင့်အခုလို အနောက်တိုင်းဓလေ့တွေ ဝင်လာတာကို ထိုင်း လူမှုရေး၊ ဘာသာရေးအသိုင်းအဝိုင်းက တတ်နိုင်သမျှ တားဆီးပိတ်ပင်ဖို့ ကြိုးစားကြတာတွေရှိပါတယ်။ မကြာ သေး မီနှစ်များအတွင်း ကျွန်တော် ထိုင်းမှာအလုပ်လုပ်နေစဉ်တုန်းက ဗယ်လင်တိုင်းနေ့နဲ့ပတ်သက်လို့ ရေးထား တဲ့ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရဖူးပါတယ်။ အဲဒီဆောင်းပါးဟာ ထိုင်းလူငယ်တွေအတွက်သာမက အလားတူ ကူးစက်နေပြီဖြစ်တဲ့ မြန်မာလူငယ်တွေပါ သိသင့်သိထိုက်တာမျိုး ဖြစ်လို့ ပြန်ပြီးဖောက်သည်ချလိုက်ပါရစေ။
ခရစ်ယာန်သူတော်စင် စိန့်ဗယ်လင်တိုင်း
ဆောင်းပါးအရ တကယ်တော့ အခုလူငယ်၊ လူလတ်တွေကြားမှာ ခေတ်စားနေတဲ့ ချစ်သူများနေ့ဆိုတာ ကနဦး တုန်းက လူမှုရေးနဲ့ မပတ်သက်ပါဘူးတဲ့။ အေဒီ ၂၇၉ လောက်ကရှိခဲ့တဲ့ ခရစ်ယာန်သူတော်စင် စိန့်ဗယ်လင်တိုင်းကိုအခြေခံပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ သူတော်စင် စိန့်ဗယ်လင်တိုင်းဟာ မေတ္တာရှင်တစ်ဦး ဖြစ်လို့ “ဗယ်လင်တိုင်းနေ့”ဆိုတဲ့ မေတ္တာတရားနဲ့ပတ်သက်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြတာလို့ ပြောပါတယ်။ အစောဆုံး အနေနဲ့ ဗယ်လင်တိုင်းနေ့ကို ၇ ရာစုလောက်ကျမှစပြီး ဆင်နွှဲကြတာပါပဲ။ အဲဒီတုန်းက ဘာသာရေးရှုထောင့်ကသာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၄ ရာစုလောက်ရောက်တဲ့အခါ မှာတော့ ဘာသာရေးကိုအခြေခံပြီး ပေါ်ပေါက်ခဲ့တဲ့အခါ သမယကို လူမှုရေးအလေ့အထက လွှမ်းမိုးသွားခဲ့တာ ယနေ့အထိ ဖြစ်ပါတော့တယ်။ ဒီလိုနဲ့ ချစ်သူများနေ့ရောက်ရင် တစ်ဦးနဲ့တစ်ဦး ချစ်ခင်မေတ္တာထားတာကိုဖော်ပြတဲ့အနေနဲ့ နှုတ်ဆက်သဝဏ်လွှာကတ်တွေ၊ ပန်းတို့၊ ချောကလက်တို့ စသည်ဖြင့် ပစ္စည်းတွေ အပြန်အလှန်ပို့ကြပါတော့တယ်/
အနောက်တိုင်းယဉ်ကျေးမှုဓလေ့သာဖြစ်
ဒီလိုနဲ့ ထိုင်းမှာ ဗယ်လင်တိုင်းနေ့ရောဂါ တဖြည်းဖြည်းတက်လာလို့ အခြေအနေသိရအောင် ထိုင်း လယ်သမားဘဏ်က သုတေသနလုပ်ပြီး စစ်တမ်းတစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က လုပ်ခဲ့တဲ့သုတေသနစစ်တမ်းအရ ဗန်ကောက်လူထုရဲ့ ၄၀ ဒသမ ၂ ရာခိုင်နှုန်းက ဗယ်လင်တိုင်းနေ့ကို အတော်အလေးထား ကြတယ်လို့ဆိုပါတယ်။ ၄၅ ဒသမ ၁ ရာခိုင်နှုန်းကတော့သိပ်အလေးမထားကြဘူး။ ကျန်တဲ့ ၁၄ ဒသမ ၇ ရာခိုင်နှုန်းကတော့ လုံးဝကို ဂရုမစိုက်ကြပါဘူးတဲ့။ အဲဒီလူတွေက ဂရုမစိုက်ရုံမက ချစ်သူများနေ့ဆိုတာ တကယ်တမ်းတော့အနောက်တိုင်းယဉ်ကျေးမှုဓလေ့သာ ဖြစ်တယ်လို့တောင်ဝေဖန်ကြပါ တယ်။ သူတို့ကပြောရာမှာ လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မေတ္တာထားတာကို ဗယ်လင်တိုင်းနေ့ ရောက်မှသာမဟုတ်ပါဘူးတဲ့။ နေ့စဉ်ပြနေ ရမှာပါတဲ့။ စစ်တမ်းအရ ဗန်ကောက်မြို့တော်သူ မြို့တော်သားတွေအတွင်းမှာ အသက်ကြီးတဲ့သူတွေက အဲဒီနေ့ကိုပိုပြီးဂရုမစိုက်ကြတာတွေ့ရတယ်လို့ ဆိုပါတယ်။ လူငယ်နဲ့လူလတ် အတော်များများကတော့ ချစ်သူများနေ့ကိုဂရုပြုကြပါတယ်။ နှုတ်ခွန်းဆက် သဝဏ်လွှာတွေ၊ လက်ဆောင်တွေ အပြန်အလှန်ပို့၊ ညစာအတူစား၊ ရုပ်ရှင်အတူကြည့်ရာကနေ ချိန်းတွေ့တာ အထိ လုပ်ကြပါတယ်။ ဒါကြောင့် ချစ်သူများနေ့ရောက်ရင် နှုတ်ဆက်သဝဏ်လွှာ ကတ်တွေ၊ ပန်းတွေ၊ ရေမွှေးတွေ အင်မတန်ရောင်းကောင်းပါတယ်။
လက်ထပ်တဲ့စုံတွဲတွေ စံချိန်တင်
ထိုင်းမှာ ချစ်သူစုံတွဲအတော်များများကလည်း ဗယ်လင်တိုင်း ချစ်သူများနေ့ကိုစောင့်ပြီး လက်ထပ်ကြပါတယ်။ ဗန်ကောက်မြို့တော်က “ဘန်ရက်ခ်”ဆိုတဲ့အရပ်က တရားရုံးမှာဆိုရင် ကျွန်တော်ရှိနေစဉ်တစ်နှစ်က ဗယ်လင်တိုင်းနေ့မှာ လက်ထပ်တဲ့စုံတွဲတွေ စံချိန်တင်ပြီး စုံတွဲတစ်ထောင်ကျော်တောင်ရှိတယ်လို့ ကြားရဖူးပါတယ်။ ထိုင်းဘာသာအရ “ဘန့်” ဆိုတာ ဒေသ၊ အိမ်၊ “ရက်ခ်”က ချစ်တာပါ။ ဒါကြောင့် အဲဒီ “ချစ်နယ်မြေ” တရားရုံးမှာ ချစ်သူများနေ့ဆိုရင် လက်ထပ်စုံတွဲများတာလို့ သိရပါတယ်။
ဗုဒ္ဓဘာသာ အဆုံးအမအဲဒီလို အနောက်တိုင်းပုံစံတွေ ခေတ်စားလာလွန်းလို့လည်း “ချစ်သူများနေ့”ဆိုတာဟာ အနောက်တိုင်းရဲ့ယဉ်ကျေးမှုဖြစ်တယ်။ ထိုင်းရိုးရာမဟုတ်ဘူးလို့ပြောဆိုလာကြတာဖြစ်ပါတယ်။ မိရိုးဖလာ ကိုးကွယ်ကြတဲ့ဗုဒ္ဓဘာသာ အဆုံးအမတွေမှာဆိုရင် မေတ္တာနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပါပြီးသား ဖြစ်တယ်လို့လည်း လူငယ်တွေသိအောင် ပြောတဲ့သူတွေက ပြောနေကြပါရဲ့။ ဒါ့အပြင် မေတ္တာကို အဓိပ္ပာယ်ဖွင့်ရာ မှာ တစ်စုံတစ်ယောက်သော ဆန့်ကျင်ဘက်လိင်အပေါ် ချစ်ခင်မေတ္တာထားမှုလောက်ကိုသာ အခြေခံပြီး ပြောရုံ၊ ပြရုံနဲ့မလုံလောက်ပါဘူးတဲ့။ ဒီလိုသာ ပြောမယ်ဆိုရင် ချစ်ခင်မေတ္တာထားမှုကို ကျဉ်းမြောင်းတဲ့ ရှုထောင့်တစ်ခုတည်းက တင်ပြခြင်းသာဖြစ်ပြီး လူသားအားလုံးအပေါ် ချစ်ခင်မေတ္တာ ထားခြင်းဆိုတဲ့ ကျယ်ပြန့်တဲ့အမြင်နဲ့ဖွင့်ဆိုခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။
အကျယ်တဝင့် ဖော်ပြထား
ဗုဒ္ဓဘာသာအမြင်က ကြည့်မယ်ဆိုရင် ချစ်ခြင်းဟာ ဗုဒ္ဓဝါဒအခြေခံတစ်ခုဖြစ်တဲ့ မေတ္တာမှာ ပါဝင်ပါတယ်။ အဲဒီလို ချစ်ခင်ခြင်းမျိုးဖြစ်တဲ့ မေတ္တာထားရှိမှုဟာ ကိုယ့်မိသားစုအပေါ်သာ၊ ကိုယ့်ချစ်သူအပေါ်သာ ထားတဲ့ ချစ်ခင်မှုမျိုးမဟုတ်ပါဘူး။ လူသားအားလုံး၊ သတ္တဝါအားလုံး၊ ဩကာသလောကတစ်ခုလုံးကို အတိုင်း အတာမရှိ ပျံ့ရောက်နိုင်တဲ့ ချစ်ခြင်းမေတ္တာထားမှုဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ပြီး အဲဒီချစ်ခင်မေတ္တာ ထားမှု၊ သဘောဖြူအူစင်းမှုတို့ဟာ အမုန်းတရားများကိုကျော်လွှားနိုင်ပါတယ်။ အဲဒီလို လူသားအားလုံးနဲ့ သတ္တဝါ အားလုံးအပေါ် အစဉ်ထာဝရမေတ္တာထားခြင်းနဲ့သာ စစ်မှန်တဲ့ ပျော်ရွှင်မှုနဲ့ ငြိမ်းချမ်းမှုတို့ကို ရရှိမှာ ဖြစ်ပါတယ်လို့ သုတေသနစစ်တမ်းက အကျယ်တဝင့်ဖော်ပြထားပါတယ်။
တကယ်တော့ ဒီသုတေသနစစ်တမ်းဟာ တစ်ချိန်က ထိုင်းနိုင်ငံမှာ လုပ်သွားခဲ့ခြင်းဖြစ်သော်လည်း ချစ်သူများနေ့ ကူးစက်ရောက်ရှိနေပြီဖြစ်တဲ့ ကျွန်တော်တို့ဆီမှာလည်း နားလည်မှတ်သားသင့်ပါတယ်။ အခုဒီမှာ ကြားနေရတာကတော့ ရင်တုန်စရာပါ။ ချစ်သူများနေ့အတွက် ကြိုတင်ဘွတ်ကင်လုပ်ထားတာတွေ များလွန်း လို့ တည်းခိုခန်းများ၊ ဟိုတယ်ငယ်များဟာ အဲဒီနေ့မှာ အခန်းတွေပြည့်နေတယ်လို့တောင် သိရပါတယ်။ မလိုအပ်တဲ့ဘက်မှာ တလွဲဆံပင်ကောင်းတတ်ကြတဲ့ကျွန်တော်တို့ မြန်မာလူငယ်ထု သိရှိရှောင်ရှားနိုင်ကြပါစေ။ ။


