ရန်ကုန်  ၁၀ ဖေဖေါ်ဝါရီ 

 


မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (Myanmar Journalists Association)က ကြီးမှူးဖွင့်လှစ်သည့် ညဈေးတန်း စာအုပ်စာပေ အရောင်းပွဲတော်ကို ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ House of Orchid ရှေ့၌ ဖေဖေါ်ဝါရီ ၉ ရက် ညနေမှ စတင်ကာ နေ့စဉ် ညနေ ၃ နာရီမှ ည ၁၀ နာရီထိ မတ် ၉ ရက်အထိ တစ်လကြာမြင့်စွာ ဆိုင်ခန်းပေါင်း (၂၅)ခန်းကျော် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 


ညဈေးတန်း စာအုပ်စာပေ အရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း (mja) အလုပ်အမှုဆောင် ဦးသိန်းအေးနှင့် House of Orchid  ဥက္ကဋ္ဌ ဦးဌေးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အမှာစကားပြောကြားရာ၌ ယနေ့ပြောင်းလဲလာပြီးသော ခေတ်ကာလအခြေအနေပေါ် မူတည်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့အနေနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်အနာဂတ် စာပေမျိုးဆက်သစ် ညီငယ်မောင်မယ်များကိုလည်း စာအုပ်စာပေများနှင့်နီးစပ်ဖို့ ကျွန်တော်တို့တတွေ အစဉ်တစိုက် ကြိုးစားနေကြရမှာဖြစ်ကြောင်း၊ ခုလိုဖွင့်လှစ်လိုက်တဲ့ ညဈေးစာအုပ်အရောင်း ဈေးတန်းကဲ့သို့ အမြဲတမ်း စာအုပ်စာပေ ဈေးတန်းတွေ ဖွင့်လှစ်နိုင်ဖို့ တိုင်းဒေသကြီးကလည်း ကြိုးစားနေပါကြောင်း၊ ရန်ကုန်ကမ်းနားလမ်းမှာ ဖွင့်ထားတဲ့ ညဈေးတန်းကြီးကိုလည်း အဆင့်မြှင့်တင်သွားဖို့ ရည်ရွယ်ထားပါကြောင်း၊ မည်သည့်အရာကိုမဆို စွန့်လွှတ်အနစ်နာခံ လုပ်ကိုင်နေကြတဲ့ ပြည်သူအပေါင်းကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 


သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး

 

m