စားဆီဈေးများ မတက်စေချင်  

 

မျိုးသူ(ကုန်သွယ်မြှင့်)

 

အိမ်ထောင်စုတစ်ခုအတွက် မီးဖိုချောင်စရိတ်က အဓိကဟုပြောရမည်ထင်ပါသည်။  အသက်ရှင် ရပ်တည်ရေးအတွက် စားဝတ်နေရေးလိုအပ်သည်။ စားဝတ်နေရေးတွင် စားရေးက ထိပ်ဆုံး လိုအပ်ချက် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဝင်ငွေရှာကြသည့်အခါ စားစရိတ်ဖန်တီးရခြင်းက ပင်မဖြစ်လာပါသည်။ မီးဖိုချောင်စရိတ်ခေါ် စားစရိတ်ကိုကြည့်လျှင် အခြေခံစားသောက်ကုန် ကိုးမျိုးအတွက် မဖြစ်မနေ ကုန်ကျကြပါသည်။ ဆန်၊ စားဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ အသားနှင့် ငါးများ၊ ကြက်ဥ၊ ဘဲဥများ၊ ပဲမျိုးစုံ အစို/ အခြောက်များနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များဖြစ် ကြပါသည်။ ဤကိုးမျိုးတွင် စားဆီသည် အရေးကြီးမှုအဆင့်အနေဖြင့်  နံပါတ်နှစ်တွင်ရှိပါသည်။ ဆန်ကမူ မရှိမဖြစ်လိုအပ်ချက် ဖြစ်သကဲ့သို့ ဆီမှာလည်း လူ၏ကျန်းမာရေးနှင့် လိုအပ်သောစွမ်းအင်အတွက် ဆီကိုစားသုံးကြရပါသည်။  ဆီမပါလျှင် မဖြစ်သည့် မီးဖိုချောင်စရိတ်တွင် ဆီဈေးနှုန်းများသည် ယခင်နှစ်ကများစွာ ဈေးတက်ခဲ့သည်ကို တွေ့ကြုံခဲ့ရပြီးဖြစ်ပါသည်။  ယခုနှစ်တွင်တော့ ထိုသို့မြင့်တက်ခြင်း မဖြစ်စေလိုပါ။

စားသုံးဆီဈေးနှုန်းများသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး လှုပ်ခတ် ခဲ့သည်ဟု ဆိုနိုင်ပါသည်။   ၂၀၂၁ ခုနှစ်တွင် စားအုန်းဆီထုတ်လုပ်သော နိုင်ငံများတွင် အထူးသဖြင့်  ပြည်ပလုပ်သားများကို  အားကိုးရသော မလေးရှားနိုင်ငံတွင်  စားအုန်းဆီထုတ်လုပ်မှု ကျဆင်းခဲ့သည်ဟုဆိုပါသည်။ ထိုအချက်များကိုမှီ၍ စားအုန်းဆီဈေးနှုန်းများ ဈေးမြင့်တက် လာပါသည်။ ထို့နောက် ယူကရိန်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့်   နေကြာစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းပြီး နေကြာဆီဈေးများသည် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်မြင့်တက်လာပြီး နေကြာဆီနောက်မှ ပဲပုပ်ဆီနှင့် စားအုန်းဆီဈေးများသည် အသီးသီးလိုက်လံမြင့်တက်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တစ်နှစ်လုံးတွင် ကမ္ဘာ့စားသုံးဆီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက်  ဘရာဇီးအပါအဝင်    တောင်အမေရိကနိုင်ငံများတွင် ရာသီဥတုကြောင့်   ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသည်ကို ကြုံတွေ့ခဲ့ရပါသည်။ အကျိုးဆက်အဖြစ် ပဲပုပ်စားသုံးသော နိုင်ငံများတွင် အထောက်အကူအဖြစ်  စားအုန်းဆီနှင့် နေကြာဆီများကို ဖြည့်တင်းလာကြသည်ကို   တွေ့ရပါသည်။ ထို့နောက်ပိုင်းတွင် ရုရှားနှင့် ယူကရိန်းတို့၏ စစ်ပွဲကြောင့် နေကြာဆီထုတ်လုပ်မှုကို များစွာထိခိုက်ပြီး နေကြာဆီဈေးများလည်း မြင့်တက်လာခဲ့ပါသည်။ ထို့နောက် ၂၀၂၂ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်းမှုကို ကန့်သတ်မည် ဟူသော သတင်းစကားကြောင့် အင်ဒိုနီးရှားမှ စားအုန်းဆီ တင်သွင်းသော နိုင်ငံများအတွက် အခက်အခဲများ ရင်ဆိုင်ရမည်ကို စိုးရွံ့လာကြကြောင်း သိရှိခဲ့ရပါသည်။ ထို့နောက်တွင် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီ ပို့ကုန်ကုမ္ပဏီများကို အခွန်တိုးမြှင့်ကောက်ခံခြင်းများ ဆောင်ရွက်ခဲ့သဖြင့် စားအုန်းဆီဈေးနှုန်းသည်    ပြန်လည်ကျဆင်းသည့် အခြေအနေသို့ မရောက်တော့ကြောင်း တွေ့နိုင်ပါသည်။ ကမ္ဘာ့ရေနံ စိမ်းဈေးနှုန်းများ မြင့်တက်မှုကလည်း စားအုန်းဆီ ဈေးနှုန်းများအပေါ် သက်ရောက်မှုကြီးမားပါသည်။ စားအုန်းဆီကြမ်းသည် Bio-fuel ထုတ်လုပ်ရေးတွင် အသုံးဝင်သည်နှင့်အမျှ  လိုက်ပါမြင့်တက်မှုများ ဖြစ်ပေါ်သည်ကို တွေ့နိုင်ပါသည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်များ မြင့်တက်သည်နှင့်အမျှ စားအုန်းဆီ ဈေးနှုန်းများသည်လည်း တွဲလျက်မြင့်တက်လာပါသည်။

မြန်မာနိုင်ငံတွင် စားအုန်းဆီတင်သွင်းမှုများကို ၂၀၂၀ ပြည့်နှစ်အထိ  တန်ချိန် ၈၀၀၀၀၀ ကျော် တင်သွင်းခဲ့သော်လည်း နိုင်ငံခြားငွေယိုပေါက်များ လျော့ကျစေရန်နှင့် ပြည်တွင်းဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်လာစေရန်ရည်ရွယ်ပြီး   ပြည်ပမှ စားသုံးဆီများ  တင်သွင်းခြင်းကို  ကိုတာစနစ်ဖြင့် လိုင်စင်ချထားပေးခြင်းများကို     ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်အနေဖြင့် တင်သွင်းမှုများ လျှော့ချသည် ဆိုသော်လည်း  လုပ်သားပြည်သူများအတွက် လောက်ငသော အရေအတွက်ကို ချင့်ချိန်တင်သွင်းစေခြင်းဖြစ်သဖြင့် စားသုံးရန် ဖူလုံမှု ရှိရမည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ဈေးနှုန်းများကြီးမြင့်မှု မရှိစေရေးအတွက် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည့်ကြားမှ အချို့သော ဈေးကစားသည့် လုပ်ငန်းရှင်များနှင့် ဆီသိုလှောင်သူများကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဈေးနှုန်းများမြင့်တက် လာပြီး ဩဂုတ်လတွင် စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ခန့်အထိ ဈေးများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသို့မြင့်တက်ခဲ့ခြင်းသည် Business Ethics စီးပွားရေးကျင့်ဝတ်များကို ထိန်းသိမ်းမှုမပြုဘဲ ကိုယ်ကျိုးစီးပွားကိုသာကြည့်သည့် လုပ်ငန်းရှင်အချို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်မှ သေချာစွာကြပ်မတ်ထိန်းသိမ်းမှုများကို ပြုလုပ်ခဲ့ပြီး ဆီတင်သွင်းသည့် သွင်းကုန်ကုမ္ပဏီများကို နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ ဆက်လက်ရောင်းချပေး လျက်ရှိသည့်အပြင် ဖြန့်ဖြူးမှုများတွင်လည်း သိုလှောင်ဈေးကစားသူများ မရှိစေရန်အတွက် ကုန်ဈေးနှုန်း ကြီးကြပ်ရေးကော်မတီများ၏ ဦးဆောင်မှုဖြင့် အမှန်တကယ် ဆီရောင်းချသူများ၊ ဆီအရောင်းဆိုင်များအား စာရင်းကောက်ယူ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သော လူဦးရေ စာရင်းပေါ်တွင်အခြေခံသည့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စားအုန်းဆီများကို ဖြန့်ဖြူးပေးခဲ့သဖြင့် စားအုန်းဆီ ဈေးနှုန်းများသည် မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်တွင်မဆို ရည်ညွှန်းဈေးဖြင့် များစွာကွာခြား ခြင်းမရှိသည်ကို တွေ့နိုင်ပါသည်။

ဤနေရာတွင် ရည်ညွှန်းဈေးများကို မည်သို့မည်ပုံ တွက်ချက်ထုတ်ပြန်သည်ကို အကြမ်းမျှတင်ပြ လိုပါသည်။ အဘယ်ကြောင့်ဆိုရလျှင် ရည်ညွှန်းဈေးများကို ထုတ်ပြန်ချင်သလို ထုတ်ပြန်ခြင်းမျိုး၊ ရောင်းချစေခြင်းမျိုးမဟုတ်ဘဲ သေချာစွာ ချင့်ချိန်တွက်ချက်ပေးခဲ့ခြင်းဖြစ်ပါသည်။ အခြေခံမှာ အင်ဒိုနီးရှားနိုင်ငံထံမှ ဝယ်စျေးနှုန်း (CIF)ဈေးနှုန်း (ကုန်ချဆိပ်ကမ်းအရောက် အာမခံချက်ဖြင့် ရောင်းချသောဈေးနှုန်း)ကို အခြေခံထားပါသည်။ ထိုဈေးနှုန်းကို အခြေခံထားပြီး ကုန်ကျစရိတ်များ အားလုံးနှင့် တင်သွင်းသည့်ကုမ္ပဏီအတွက် အမြတ်နှစ်ရာခိုင်နှုန်းပေါင်းကာ ရောင်းဈေး သတ်မှတ်ပေးထားခြင်း ဖြစ်ပါသည်။ ထိုရောင်းဈေးမှာ Ex-godown စနစ်ခေါ် ဆီသိုလှောင်ကန်တွင် ရောင်းဈေး နှုန်းဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံမှ ရောင်းဈေးနှုန်းသည် မြန်မာနိုင်ငံရှိ ဆီပေါက်ဈေးအား တိုက်ရိုက် သက်ရောက်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံ၏ ဆီရောင်းဈေးနှုန်းကို တိတိကျကျသိရှိပြီး တွက်ချက်နိုင်ရန်အတွက် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်း၍ Reuter Application ကို တန်ဖိုးများစွာပေး၍ ဝယ်ယူပြီး နေ့စဉ်လေ့လာကာ တွက်ချက်ပေးနေခြင်းဖြစ်ပါသည်။ အဆိုပါတွက်ချက်ရရှိသည့် ဈေးနှုန်းကို ရည်ညွှန်းဈေးအဖြစ် အပတ်စဉ် တနင်္လာနေ့တိုင်းတွင် တစ်ပတ်စာထုတ်ပြန်ပြီး ကုမ္ပဏီများအား ရောင်းချစေခြင်းဖြစ်ပါသည်။ ထို့အပြင် ရည်ညွှန်း ဈေးတွက်ချက်ရာတွင် သုံးစွဲသော နိုင်ငံခြားငွေ လဲလှယ်နှုန်းသည်လည်း နိုင်ငံတော်ဗဟိုဘဏ်မှ ဆီတင်သွင်းသော ကုမ္ပဏီများကို ရောင်းချပေးသည့် တန်ဖိုးကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြစ် သည့်အတွက် ရည်ညွှန်းဈေးသည် ကာလ‌ဒေသ ပေါက်ဈေးအမှန်ဖြစ်စေပါသည်။ တင်သွင်းသည့် ဆီကုမ္ပဏီများ၊ ရောင်းချသူများ၊ ဝယ်ယူစားသုံးသူများ အားလုံးအတွက် သင့်တင့်မျှတသောဈေး ဖြစ်စေရန် သေချာစွာစနစ်တကျတွက်ချက်ပေးထားခြင်းဖြစ်ပါသည်။ သို့ရာတွင် အပတ်စဉ် ရည်ညွှန်း ဈေးနှုန်းများသည် မတည်မငြိမ်ဖြစ်ပေါ်လျက်ရှိသည်ကိုမူ တွေ့နေရပါသည်။ ထို့အပြင် ယခင်နှစ်များ ကထက် ရည်ညွှန်းဈေးနှုန်းများ ကြီးမြင့်နေမှုကို သေချာစွာလေ့လာကြည့်လျှင် အထက်တွင်ဖော်ပြ ထားသကဲ့သို့ အခြားသော စရိတ်စကများထက် အင်ဒိုနီးရှားနိုင်ငံ၏ ရောင်းဈေးနှုန်းပေါ်တွင်သာ အဓိကတည်မှီနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အခြားနိုင်ငံများမှ ထုတ်ကုန်များ ကို မှီခိုနေရပါက အဆိုပါနိုင်ငံများ၏ ခြယ်လှယ်သမျှ ကို ခံနေရမည်သာဖြစ်ပါသည်။ ထိုနိုင်ငံကပြောသည့် ဈေးဖြင့်ဝယ်ယူစားသုံးနေရမည်သာဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်က ပြည်တွင်းထုတ်လုပ်မှု တိုးတက်စေရေး၊ ပြည်တွင်းဖူလုံမှုရှိရေးနှင့် ပိုလျှံပြီး နိုင်ငံခြားသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်‌ရေးတို့ကို အလေးထားပြောကြားနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် စားအုန်းဆီများကို တင်သွင်းနေရသည်နှင့်အမျှ ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ရသည်များ ကိုလည်း ကြုံရနိုင်ပါသည်။ ပြည်တွင်းတွင် ဖူလုံရေးကို ပိုမိုဇောက်ချဆောင်ရွက်မှသာ ပြည်ပကို အားကိုး နေရခြင်းများ လျှော့ကျပြီး နိုင်ငံခြားငွေယိုပေါက်များကို ဖာထေးနိုင်မည်ဖြစ်ပါကြောင်း ထပ်လောင်းတင်ပြလိုပါသည်။ ထို့ကြောင့်စားသုံးဆီ ဈေးလေးကျဆင်းစေချင်ပါသော်လည်း ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်ပနိုင်ငံ၏ ရောင်းဈေးပေါ်တွင် မှီခိုနေရသည့် အဖြစ်မျိုးရှိနေပါက ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ခြင်းသည်လည်း ကြုံတွေ့နေရမည်သာဖြစ်ပါသည်။ မှီခိုနေရသည့်အဖြစ်က ကင်းဝေးစေချင်ပါလျှင် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ခြင်းသည်သာ ထွက်ရပ်လမ်း ဖြစ်သောကြောင့် ပြည်တွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီတိုးချဲ့ထုတ်လုပ်နိုင်ရေး နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူပြည်သူများ အရည်အသွေးမီ စားသုံးဆီများကို သင့်တင့်သော ဈေးနှုန်း၊ မှန်ကန်သောအလေးချိန်ဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး နိုင်ငံတော်အကြီးအကဲများက စေတနာ၊ မေတ္တာများဖြင့် ဆောင်ရွက်ပေးလျက် ရှိပါသည်။ စားအုန်းဆီဈေးနှုန်းကို အခြေခံရည်ညွှန်းဈေးသတ်မှတ်ပေးပြီး ဈေးနှုန်းကြီးမြင့်မှု မရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုကာလတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေ သော်လည်း ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ် သောနိုင်ငံများ၏ စားအုန်းဆီ CIF ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းအနည်းငယ် မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်အပတ် ပြည်တွင်းစားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေး ကျပ် ၅၁၈၀ မှ ယခု အပတ်ရည်ညွှန်းဈေး ၅၂၁၅ ကျပ်ဖြစ်သည့်အတွက် တစ်ပိဿာ ၃၅ ကျပ် ဈေးမြင့်တက်သွားသည် ဆိုသော်လည်း ကမ္ဘာ့စားအုန်းဆီဈေးနှင့် ချိန်ဆကြည့်လျှင် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်ခင်ဗျာ။ ။