နေပြည်တော်  ၂၇ ဖေဖော်ဝါရီ

 

ဗန်းမောက်မြို့နယ်အတွင်းရှိ စာခမ်း-ဟော်ယောလမ်း ၅ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကာ ပြီးစီးမှုမရှိပါက ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင် အားလုံးအား (Black List) ကြေညာ၍  စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောသည်။

 

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုး၏ ဗန်းမောက် မြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသော စာခမ်း-ဟော်ယောလမ်း ကျောက်ချောလမ်း ခင်းခြင်း (၅)မိုင်အား ပြီးစီးအောင် ဆောင်ရွက်ခြင်း မရှိသည့်အတွက် အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က  “လုပ်ငန်းဆောင်ရွက်ရန်အတွက်  လုပ်ငန်းနေရာ အနီးရှိ ကျောက်များသည် သက်တမ်းနု၍ ပိုမိုကောင်းမွန်သောကျောက်များ ရရှိနိုင်ရေးအတွက်  လုပ်ငန်းဆောင်ရွက်သည့် နေရာနှင့် ၁၅ မိုင်ခန့် ကွာဝေးသည့်နေရာမှ သယ်ဆောင်ရခြင်း၊ ကျောက်သယ်ယူပို့ဆောင်ရာတွင် မိုးတွင်းကာလ၌ လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခြင်းကြောင့် လုပ်ငန်းဆောင်ရွက်ခြင်းများ ရပ်ဆိုင်းထားရခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ကုမ္ပဏီမှ ပွင့်လင်းရာသီရောက်ရှိချိန်၌ ကျောက်စုပုံခြင်း၊ အောက်ခံမြေသားလမ်း ပြုပြင်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ စာခမ်း-ဟော်ယောလမ်း ၅ မိုင် ကျောက်ခင်းခြင်း လုပ်ငန်းအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကုမ္ပဏီဒါရိုက်တာမှ ကတိဝန်ခံချက်ပြုခဲ့၍ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်  ဖွံ့ဖြိုးကြီးကြပ်ရေးရုံးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်ငန်းပြီးစီးအောင် မျက်ခြေမပြတ် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြောကြားသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သတ်မှတ်ကာလအတွင်းပြီးစီး အောင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကုမ္ပဏီအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နောင်ပြုလုပ်မည့် တင်ဒါလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ပိတ်ပင်သွားမည်ဖြစ်ပြီး ကတိဝန်ခံချက်အတိုင်း၂၀၁၉ ခုနှစ် ဖေဖော်ဝါလအတွင်း ပြီးစီးမှုမရှိပါက ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင် အားလုံးအား (Black List) ကြေညာ၍ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN