ရန်ကုန် ဖေဖော်ဝါရီ ၁၁

 

စာကြည့်တိုက်ကို အခြေပြုပြီး ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်မှူးအား ပထမဆုံးအကြိမ်အဖြစ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စနေ၊ တနင်္ဂနွေ စာအုပ်ဈေးတန်း၌ Public Librarians Support Group က ကြီးမှူးပြုလုပ်ခဲ့ပြီး စာကြည့်တိုက် ၅ဝ အတွက် တစ်တိုက်လျှင် ကျပ် တစ်သိန်းနှုန်းဖြင့်  စုစုပေါင်း ကျပ်သိန်း ၅ဝ ကို Save The Library စာကြည့်တိုက်များ ကွန်ရက်မှ စာအုပ်များ လှူဒါန်း သွားမည်ဖြစ်သည်။

 

''မြန်မာနိုင်ငံမှာ စာကြည့်တိုက်ဆိုတာ အင်အားနည်းတဲ့ အနေအထားတစ်ခု ဖြစ်နေတယ်။ ဒီထက်အားကောင်းဖို့လိုတယ်။ စာကြည့်တိုက် အားကောင်းလာမှ ပညာသင်တဲ့အခါမှာ ဘဝတစ်လျှောက်လုံး သင်ယူနိုင်ဖို့ စာကြည့်တိုက်တွေကို အသုံးပြုပြီးတော့ လုပ်နိုင်တယ်ဆိုတဲ့ အသိကိုပေးချင်တာဖြစ်တယ်။ အခုနောက်ပိုင်း ကျောင်းစာကြည့်တိုက်တွေ၊ ရပ်ကွက်စာကြည့်တိုက်တွေ များလာပြီဆိုရင် လူငယ်တွေအတွက် သွားစရာနေရာတစ်ခု ပိုတိုးလာပြီးတော့ လေ့လာစရာလည်း ရှိလာမယ်။ ဒါတွေကို ဦးဆောင်ပြီး လုပ်ကိုင်နိုင်မယ့် စာကြည့်တိုက်မှူးတွေ ပေါ်လာ အောင် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်''ဟု စာကြည့်တိုက်များ ကွန်ရက်မှ တာဝန်ရှိသူ ဦးမောင်မောင်စိုးက ပြောသည်။

 

ဆုချီးမြှင့်ရာတွင် စာကြည့်တိုက် အပေါ်၌ စိတ်ဝင်တစား လုပ်ကိုင် ဆောင်ရွက်နိုင်မှု၊ တိုးတက်မှု၊ စည်းရုံး လှုံ့ဆော်နိုင်မှုနှင့် စာကြည့်တိုက်ကို အခြေပြုပြီး ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင် မှုစသည့် အချက်များအပေါ် အခြေခံ ကာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ရာ စာကြည့်တိုက်မှူးများ အနေဖြင့် စာအုပ်ငှား၊ စာအုပ်မှတ်ရုံထက် ကျော်လွန်၍ မိမိပတ်ဝန်းကျင်၊ မိမိ ဒေသအကျိုးအတွက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ပထမဆုံးအကြိမ် ချီးမြှင့်သည့် စာကြည့်တိုက်မှူးဆုကို ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ညီနောင်ရေပူဝကျေးရွာ အမက ကျောင်းမှ မူလတန်းကျောင်းအုပ် ဆရာ ကျောင်းစာကြည့်တိုက်မှူး ဦးလင်းထက်အောင်က ရရှိခဲ့ပြီး ၎င်းအနေဖြင့် အဆိုပါကျောင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် နှစ်မှ စတင်ကာ ကျောင်း စာကြည့်တိုက်မရှိသည့် အနေအထား တစ်ခုမှ ကျောင်းစာကြည့်တိုက် ဖြစ်မြောက်လာအောင် စွမ်းစွမ်း တမံဆောင်ရွက်ခြင်း၊ စည်းရုံးလှုံ့ဆော် နိုင်ခြင်း၊ ကျောင်းနံရံပန်းချီရေးဆွဲ ခြင်းနှင့် ကလေးများနှင့် ပတ်သက် သည့် လှုပ်ရှားမှုများ ဆောင်ရွက်နိုင် ခြင်းစသည့် ဆောင်ရွက်ချက်များ ကြောင့် တစ်နှစ်အတွင်း ကျောင်း စာကြည့်တိုက် ဖြစ်ပေါ်လာကာ ကလေးများအတွက်၊ ဒေသအတွက် အကျိုးပြုနိုင်ခြင်းကြောင့် အဆိုပါ ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

 

သတင်းနှင့်ဓာတ်ပုံ-အေးမင်းသူ၊
ဇာနည်မောင်