နေပြည်တော် ဒီဇင်ဘာ ၁၅
ပြည်သူများအား နှိပ်စက်ညှဉ်းပန်း၍ ဒေသဖွံ့ဖြိုးတိုးတက်မှုကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သော ကျောက်မဲမြို့ဒေသတစ်ဝိုက်ရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်၍ အဆိုပါမြို့နှင့်ဒေသ တစ်ဝိုက်အား ဒေသခံပြည်သူများ၏ လက်ဝယ်သို့ ပြန်လည်အပ်နှင်း နိုင်ခဲ့သည့် အောင်ပွဲအလီလီရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စုရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်၍ အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော် သားများအား ဂုဏ်ပြုကြိုဆိုရာတွင် တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများနှင့် ဂုဏ်ပြုပန်းများဖြင့် ကြိုဆိုဂုဏ်ပြုကြပြီး ရှမ်းအိုးစည်၊ အတီး၊ အမှုတ်၊ အက၊ အလှများဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


