ကလေးဝ ၁၀ ဖေဖော်ဝါရီ
စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ကလေးဝမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ (၂)နာရီက ကလေးဝမြို့ ချင်းတွင်းမြစ်သာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က “အခုလို မအားလပ်တဲ့ကြားက ဒေသခံပြည်သူများ စုံစုံညီညီ တက်ရောက်လာတဲ့အတွက် ကျွန်တော် ဝမ်းသာအားရ ဂုဏ်ယူမိပါတယ်၊ အခုလို ဒေသခံများနှင့် အကြိမ်ကြိမ် တွေ့ချင်ပါကြောင်း၊ အခုတွေ့ဆုံပွဲကို လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး ပူးပေါင်းပြီး လာရောက်တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ အထူးသဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် သုံးခုတို့နှင့်အတူ ပြည်သူများရဲ့ စုပေါင်းအင်အားနဲ့ ကျွန်တော်တို့လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ထူထောင်ကြရမှာဖြစ်ပါကြောင်း၊ ပြည်သူသည်သာလျှင် အမိ၊ ပြည်သူသည်သာလျှင် အဖ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ပြည်သူရဲ့လိုအပ်ချက်တွေကို ကျွန်တော်တို့ အနေနဲ့ ပြည်သူကို ကိုယ်စားပြုပြီး အတတ်နိုင်ဆုံး ပြည်သူအတွက် အဓိကထား ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာ ဖြစ်ပါကြောင်း၊ အင်အားတစ်ရပ်ဆိုတာ မတူကွဲပြားတဲ့ အသွင်သဏ္ဍာန်တွေ အားလုံးစုပေါင်းနိုင်မှသာ စစ်မှန်တဲ့ အင်အားတစ်ရပ် ဖြစ်ပါကြောင်း၊ သူ့တာဝန် ကိုယ့်တာဝန် ကျေပွန်စွာ လုပ်ကြဖို့လိုကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့၏ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအတွက် ဘာတွေကို အရေးတကြီး ဆောင်ရွက်ဖို့လိုသလဲဆိုတာ စဉ်ဆက်မပြတ် လေ့လာကြည့်ကြစေလိုကြောင်းနှင့် ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေကို လက်တွေ့ကျကျ တောင်းဆိုပေးကြစေလိုကြောင်း။
မုံရွာ- ယာကြီး- ကလေးဝ ကားလမ်းနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေ များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆိုပါ လမ်းပြီးစီးချောမွေ့သွားပါက ဒီကလေးဝမြို့ဟာ တိုးတက်သွားမှာ ဖြစ်ပါကြောင်း၊ ကလေးဝမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့များအပြင် တမူးမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ပါ အချိန်မရွေး သွားလာကူးသန်း ရောင်းဝယ်ဖောက်ကားနိုင်တဲ့ မြို့ဖြစ်လာမှာဖြစ်ကြောင်း၊ ၎င်းအပြင် ရေလမ်းမှလည်း ဒေသထွက်ကုန်များကိုလည်း အောက်ချင်းတွင်း ဒေသဖြစ်တဲ့ မုံရွာသို့လည်းကောင်း၊ အထက်ချင်းတွင်းဒေသများဖြစ်သော မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ခန္တီးမြို့တို့သို့ လွယ်ကူစွာ သွားလာရောင်းဝယ်နိုင်မည် ဖြစ်ပါကြောင်း၊ အခုဆိုရင် ကလေးဝမြို့ဟာ မိမိတို့အစိုးရလက်ထက်တွင် ဓာတ်အားစနစ်မှ တတိယမြောက် ဓာတ်အားရရှိသည့် မြို့နယ်အဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် လွန်စွာ ကျေနပ်ပီတိဖြစ်ရပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ အရောက်လှမ်းဖို့ရန်အတွက် ကျွန်တော်တို့တစ်တွေအားလုံး နောက်ကျမကျန်ရအောင် ဒီကလေးဝမြို့ဒေသခံများ အများကြီးတိုးတက်စေရေးကို အလေးထားကာ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း” အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ကလေးဝမြို့ မြို့မိမြိုဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


