မုံရွာ နိုဝင်ဘာ ၂၁

 

စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသထွက်ကုန်များ လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှ ဟုမ္မလင်းမြို့နယ် ထမံသီကျေးရွာအနီး တည်ဆောက် လျက်ရှိသည့် ချင်းတွင်းတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းတံတား(ထမံသီ) ချဉ်းကပ်လမ်းများ ဆောင်ရွက်ပြီးစီးမှု၊ ချဉ်းကပ်လမ်းပခုံးများ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်နေမှု၊ တံတားသစ်ကြီးအပေါ်ရှိ ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းနေမှု၊ တံတားလက်ရန်းများ တပ်ဆင်နေမှုများနှင့် တံတားကြီး တည်ဆောက်ပြီးစီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

အဆိုပါ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)သည် ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ်-ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်ကိုဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၉ ဒသမ ၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ်အမြင့်ပေ ၄၀ (HFL)ဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)