စစ်တွေ ၂၃ ဖေဖော်ဝါရီ 


စစ်တွေမြို့၊ မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြို့မဈေးကြီးအတွင်း ဈေးရောင်းချနေကြသည့် ဈေးဆိုင်ခန်းနှင့် ဈေးတွင်းလမ်းများ မီးသတ်ကား ဝင်ရောက်နိုင်ရန် စစ်ဆေးကြသည်။


ထို့သို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ထွေအုပ်မှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဈေးအတွင်းစစ်ဆေးရာတွင် ဈေးဆိုင်ခန်းများ၌ မီးသတ်ဆေးဘူးများ တပ်ဆင်ထားနိုင်ရေး၊ ဈေးလမ်းအတွင်း မီးသတ်ကားများ ဝင်ထွက်နိုင်ရေး၊ ဈေးအတွင်း ရေလှောင်ကန်များတွင် ရေများဖြည့်တင်းထားနိုင်ရေးတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးကြသည်။

 

123

စစ်တွေမြို့၊ မြို့မဈေးကြီးမီးဘေးလုံခြုံရေးနှင့် ပတ်သက်ပြီး စစ်တွေခရိုင်၊ မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးက “စစ်တွေမြို့ ဒီဈေးကြီးက မြို့ရဲ့စုဗူးပေါ့၊ ကျွန်တော်တို့ အဲ့ဒီလိုသတ်မှတ်ပြီးတော့ ဒီဈေးကြီး မီးဘေးအန္တရာယ် မဖြစ်ဖို့အတွက် လာရောက်စစ်ဆေးတာ ဖြစ်ပါတယ်။ လက်ရှိ စစ်ဆေးကြည့်ရတဲ့ အနေအထားရတော့ မီးဘေးအတွက် ဈေးကြီးကစိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပါတယ်။ ဈေးဆိုင်းခန်းတွေကလည်း တအားကျပ်သိပ်ပြီးတော့ ဈေးကလည်း အိုဟောင်းနေပြီ၊ ဈေးကကြာမြင့်နေပြီ ဖြစ်တဲ့အတွက် လောင်စာတွေများတာပေါ့၊ စစ်တွေမြို့က ပြည်နယ်မြို့ကြီးဖြစ်တဲ့အတွက် အဆောက်အဦကောင်းကောင်း ဖြစ်သင့်ပါပြီ။ ဒီနေ့စစ်ဆေးတာတော့ ဈေးဆိုင်ခန်းအခင်း အကျင်းတွေ၊ မီးသတ်ဆေးဘူး ထားရှိမှုတွေ၊ ရေရရှိမှုတွေကို စစ်ဆေးပါတယ်။ ဒီဈေးကြီးမှာ အရေးပေါ်ဖြစ်ပြီဆိုလို့ရှိရင် မီးသတ်ကားဝင်ထွက်ဖို့ ဈေးရှေ့မီးလမ်းမကြီး လမ်းပိတ်ဆို့မှုတွေ ကြုံတွေ့နိုင်တယ်၊ ဒါ့အပြင် ပတ်လမ်းမှာလည်း အခက်အခဲတွေရှိနိုင်ပါတယ်။ ဈေးသူ၊ ဈေးသားတွေအနေနဲ့ အရေးပေါ်မီးသတ်ဆေးဘူးတွေ ထားပေးစေချင်ပါတယ်၊ စဖြစ်တာနဲ့ အရေးပေါ် ငြှိမ်းသတ်နိုင်အောင် ထားစေချင်တယ်၊ ဒါတွေကိုလည်း ကျွန်တော်တို့က သုံးစွဲပုံသုံးစွဲတဲ့နည်းတွေကို သင်ပြသွားပါမယ်” ဟုပြောသည်။


စစ်တွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရွှေကျော်သာက “မကြာမီနွေရာသီ ရောက်ရှိလာမှာ ဖြစ်တဲ့အတွက် မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေကို ခေါ်ယူပြီး ဈေးအတွင်း လှည့်လည်စစ်ဆေးတာ ဖြစ်ပါတယ်၊ ဈေးသူဈေးသားတွေက မိမိတို့အသိတွေနဲ့ လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။ မီးဘေးအန္တရာယ် တစ်ခုခုကြုံလာရင် ဈေးသူ၊ ဈေးသားတွေသာ အများဆုံး ဆုံးရှုံးမှုခံရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့က ဈေးဆိုင်တစ်ဆိုင်ကို မီးသတ်ဆေးဘူးတစ်ဘူးလောက်ကို ထားရှိဖို့ လာရောက်စည်းရုံး ပြောကြားတာဖြစ်တယ်”ဟုပြောသည်။


စစ်တွေမြို့၊ မြို့မဈေးကြီးတွင် ဈေးဆိုင်ခန်းပေါင်း ၁၀ဝ၀ ကျော်ရှိပြီး တရားဝင်ဈေးဆိုင်ခန်း ၇၀ဝ ကျော်ရှိကြောင်း သိရသည်။ တရားမဝင်ဈေးဆိုင်ခန်းများအား တရားဝင်ရောင်းချနိုင်ရန်နှင့် ဈေးကြီးသည်လည်း ဟောင်းနွမ်းနေပြီး မီးအန္တရာယ်လည်း ကျရောက်နိုင်သည့်အတွက်ကြောင့် အဆင့်မြှင့်သုံးထပ်ဈေးသစ်ကြီး ဆောက်လုပ်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသွားရန် စီစဉ်ထားကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)

 

123