စေတုတ္တရာ ၂၀ ဖေဖော်ဝါရီ  

 


မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ မီးလင်းရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်အတွင်း ကျေးရွာ(၁၀)ရွာမှ အိမ်ခြေ(၁၀၇၂)အိမ်ကို တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ေ

 

အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) ICB-2 ဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်အတွင်းရှိ ငလဲ၊ ခွေးမလောင်၊ ကျောက်မွဲ၊ ပွင့်တောက်၊ အလယ်ဟန်ဒေါက်၊ နတ်ကြီး၊ အာယော၊ ကြီးအုံ၊ မကြီး စသည့်ကျေးရွာ (၁၀)ရွာရှိ အိမ်ခြေ(၁၀၇၂)အိမ်တွင် ၆၀ ဝပ်ဆိုလာ (၇၂၁)လုံး၊ ၁၀ဝ ဝပ်ဆိုလာ (၃၅၁)လုံးကို တပ်ဆင်ပြီးဖြစ်သည်။

 

 

“မဟာဓါတ်အားလိုင်း ရောက်ရှိတဲ့နေရာမှစပြီး ၁၀ မိုင်နဲ့အထက် ကွာဝေးတဲ့ကျေးရွာများကို မီးရရှိရေး ဆောင်ရွက်ပေးနေတာပါ။ အသုံးပြုသူ ပြည်သူများဘက်က ၆၀ ဝပ်ဆိုလာအတွက် ငွေကျပ်ငါးသောင်း၊ ၁၀ဝ ဝပ်ဆိုလာအတွက် ငွေကျပ် တစ်သိန်းခွဲ ထည့်ဝင်ပေးရပါတယ်။ မိမိကိုယ်ပိုင်ငွေနဲ့ ဝယ်ယူထားတဲ့ပစ္စည်းကဲ့သို့ စနစ်တကျသုံးစွဲစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပစ္စည်းအားလုံးတန်ဖိုးရဲ့ လေးပုံတစ်ပုံကို ပြည်သူကထည့်ဝင်ရပြီးတော့ ကျန်သုံးပုံကိုတော့ ဌာနကထည့်ဝင်ပေးတာပါ။ ၆၀ ဝပ်ဆိုလာ (၇၂၁)လုံး၊ ၁၀ဝ ဝပ်ဆိုလာ (၃၅၁)လုံး တပ်ဆင်ပေးနိုင်ခဲ့ပါတယ်” ဟု မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးစိုးလင်းထွဋ်က ရှင်းပြသည်။

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အတွင်း  Earth Renewable Energy ကုမ္ပဏီမှ တပ်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးနှင့် ဦးထွန်းထွန်းဝင်းတို့က ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။    

 

ေ

 

တစ်အိမ်သုံးဆိုလာ ၆၀ ဝပ်ဆိုလာစနစ်တွင် ၆၀ ဝပ်ဆိုလာတစ်ချပ်၊ ၂.၅ မီတာတိုင်(၁)တိုင်၊ ၃ ဝပ်မီးသီး လေးလုံး၊ ၅ ဝပ်မီးချောင်း တစ်ချောင်း၊ ၁၂ ဗို့ဘက်ထရီ၊ Controller၊ မီးသီးမီးချောင်း ငါးပေါက်၊ USB ဖုန်းအားသွင်းပေါက် နှစ်ပေါက် ပါရှိသည့် System Box တစ်ခုပါရှိကြောင်း၊ ၁၀ဝ ဝပ် ဆိုလာစနစ်တွင် ၁၀ဝ ဝပ်ဆိုလာတစ်ချပ်၊ ၃ ဝပ်မီးသီး လေးလုံး၊ ၅ မီးချောင်း တစ်ချောင်း၊ ၁၂ ဗို့ဘက်ထရီ၊ Controller၊ မီးသီးမီးချောင်း ငါးပေါက်၊ USB ဖုန်းအားသွင်းပေါက် နှစ်ပေါက်ပါရှိသည့် System Box တစ်ခုပါရှိကြောင်း ၁၅ ဝပ်ဒီစီတီဗွီကို ၂ နာရီမှ ၄ နာရီခန့်အထိလည်း ကြည့်ရှုနိုင်ကြောင်း သိရသည်။ 

 

ဇေယျတု(မကွေး)