မဲလ်ဘုန်း နိုဝင်ဘာ ၁၇
ဆွဲငင်အားမရှိခြင်းသည် လူသား၏အူလမ်းကြောင်းအပေါ် မည်သို့သက်ရောက်သည်ကို လေ့လာရန် ဩစတြေးလျနိုင်ငံမှ သိပ္ပံပညာရှင်များသည် ၁၀ စင်တီမီတာအမြင့်ရှိ အဆင့်မြင့် ဟိုတယ်ပြွန်ငယ်ခေါ် “cell hotels” နှစ်ခုကို နိုင်ငံတကာအာကာသမစ်ရှင်တစ်ခုတွင် အသုံးပြုခဲ့သည်။
နိုဝင်ဘာ ၁၂ ရက်က ဆွီဒင်နိုင်ငံ ဂျာမန်အာကာသစင်တာမှ ပစ်လွှတ်လိုက်သည့် ဒုံးပျံပေါ်တွင် အလေးချိန် ၅၀၀ ကီလိုဂရမ်ခန့်ရှိသော နိုင်ငံတကာ စမ်းသပ်မှု ၂၁ ခုတွင် အဆိုပါ ခေတ်မီ “ဟိုတယ်” ပြွန်ငယ်များ ပါဝင်ကြောင်း သြစတြေးလျ လာထရုဘ်တက္ကသိုလ်မှ နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်လိုက်သောသတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါတက္ကသိုလ်သည် မဲလ်ဘုန်း အင်ဂျင်နီယာကုမ္ပဏီဖြစ်သည့် အင်န်နဘဲ အေရိုစပေ့နှင့် တွဲဖက်ပြီး အသေးစားဓာတ်ခွဲခန်းများကို ဒီဇိုင်းထုတ်ထားသည်။
လာထရုဘ်သည် “Gastronauts” ဟုခေါ်သော အစာအိမ်ဆဲလ်များ ပါဝင်သော ယင်းဒုံးပျံပေါ်တွင် အသေးစားဓာတ်ခွဲခန်းငယ်နှစ်ခုကို လည်ပတ်ခဲ့သည်။ အမြင့် ၂၇၀ ကီလိုမီတာနီးပါးတွင် သုည ဒြပ်ဆွဲအား၌ ခြောက်မိနစ်ကျော်မျှ မပျံသန်းမီ၊ ပျံသန်းနေစဉ်နှင့် ပျံသန်းပြီးနောက် အာကာသအတွင်း ဆဲလ်များ မည်ကဲ့သို့ လိုက်လျောညီထွေဖြစ်ပုံကို နားလည်ရန် သုတေသနစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဆဲလ်ဆက်သွယ်မှု၊ ပြန်လည်ဖြစ်ပေါ်မှုနှင့် ကင်ဆာဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို ဖော်ထုတ်သွားနိုင်မည်ဖြစ်ကြောင်း မော်လီကျူးသိပ္ပံဆိုင်ရာ လာထရုဘ်အင်စတီကျု၏ညွှန်ကြားရေးမှူး ပါမောက္ခပက်ထရစ်ခ်ဟမ်းဘာ့တ်က ပြောသည်။
ကမ္ဘာ့ဆွဲအားကိုသာဖယ်ထုတ်နိုင်မည်ဆိုပါက မိမိတို့သည် ကမ္ဘာ့ဆွဲအားသည် ကျန်းမာရေးအတွက် ဘာကြောင့်၊ ဘယ်လိုအရေးပါသလဲဆိုသည်ကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ကြောင်း ဟမ်းဘာ့တ်က ပြောသည်။
ဆင်ဟွာ


