ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအနက် စိတ်ဝင်စားဖွယ်ရာ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် ဆွစ်ဇာလန်နှင့် နာမည်ကြီး  ဆွီဒင်အသင်းပွဲစဉ်ကို   နိုဝင်ဘာ  ၁၆ ရက် နံနက် ၂ နာရီ ၁၅ မိနစ်က  ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန်အသင်းက တိုက်စစ်ခြေစွမ်းပြပြီး လေးဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ သည်။

နာမည်ကြီး ဆွီဒင်အသင်းသည် ရှုံးပွဲဆက်မှုကို ချေဖျက်ရန် အားထားရသည့် ကစားသမားအများစုဖြင့် ဆွစ်ဇာလန်အသင်းကို   ရင်ဆိုင်လာခဲ့သည်။ ဆွစ်ဇာလန်အသင်းကလည်း ၂၀၂၆   ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေးအတွက် ရမှတ်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်  အဓိက ကစားသမားအများစုဖြင့် ဆွီဒင်အသင်းကို ရင်ဆိုင်လာခဲ့သည်။

ပွဲချိန် ၁၃ မိနစ်တွင် ဆွစ်ဇာလန်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး အသင်းတိုက်စစ်ကစားသမား    အမ်ဘိုလိုက သွင်းယူပေးခဲ့သည်။ ထို့နောက် ပြိုင်ဘက် ဆွီဒင်အသင်းက ချေပဂိုးရရှိရေး ကြိုးပမ်းလာခဲ့ရာ  ပွဲချိန် ၃၃ မိနစ်တွင် ရရှိခဲ့သည်။  အဆိုပါချေပဂိုးကို ဘင်ဂျမင်က သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ဆွီဒင်အသင်း၏ ကစားအား သိသိသာသာကျဆင်းသွားခဲ့ပြီး ဆွစ်ဇာလန်အသင်းကသာ ပွဲကိုထိန်းချုပ်ကစားကာ သွင်းဂိုးများ သွင်းယူနိုင်ခဲ့သည်။

ဆွစ်ဇာလန်အသင်းအတွက် ဒုတိယဂိုးကို  ပွဲချိန်  မိနစ် ၆၀ တွင် ရှာကာက   ပယ်နယ်တီမှတစ်ဆင့်  သွင်းယူပေးခဲ့သည်။   ထို့နောက် ဆွီဒင်အသင်းသည် လူစားလဲပြောင်းလဲမှုများပြုလုပ်ကာ ချေပဂိုးရရှိရေး ကြိုးပမ်းလာသော်လည်း ပြိုင်ဘက်အသင်း  ခံစစ်နှင့် ဂိုးသမားကို ကျော်ဖြတ်နိုင်ခြင်းမရှိသည့် အတွက်  သွင်းဂိုးရရှိရေး  အခက်တွေ့ခဲ့ရသည်။ ဆွစ်ဇာလန်အသင်းအတွက် တတိယဂိုးနှင့် စတုတ္ထဂိုးကို ပွဲချိန် ၇၅ မိနစ်နှင့် မိနစ် ၉၀ တွင် အင်ဒိုယေနှင့်  မန်ဇမ်ဘီတို့က  သွင်းယူပေးခဲ့သည်။

ဆွီဒင်အသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့်အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ငါးပွဲကစားပြီးချိန်တွင် နိုင်ပွဲရရှိထားခြင်းမရှိဘဲ တစ်ပွဲသရေနှင့် လေးပွဲအထိ ရှုံးနိမ့်ထားသည်။ ပြိုင်ဘက် ဆွစ်ဇာလန်အသင်းက လေးပွဲနိုင်၊  တစ်ပွဲသရေနှင့်  ခြေစစ်ပွဲအောင်မြင်ရန်   လက်တစ်ကမ်းအလို ရောက်ရှိ လာပြီဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင် ကိုဆိုဗိုက ဆလိုဗေးနီးယားကို နှစ်ဂိုး-ဂိုးမရှိ၊ ဂရိက စကော့တလန်ကို သုံးဂိုး - နှစ်ဂိုး၊  ဘော့စနီးယားက ရိုမေးနီးယားကို သုံးဂိုး -တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ပြီး ဒိန်းမတ်နှင့် ဘယ်လာရုစ်အသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။     

အောင်ဇော်