ညောင်ဦး ၁၅ ဖေဖော်ဝါရီ
ဆေးလိပ်ငွေ့ကင်းစင်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ တည်ထောင်ရေး အသိပညာပေး ရှင်းလင်းပွဲကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးခင်ဇော်မှ ဆေးလိပ်ကင်းစင်ရေး အသိပညာပေးကျင်းပရခြင်း ရည်ရွယ်ချက်များရှင်းလင်းရာတွင် အမျိုးသားကျန်းမာရေးရည်မှန်းချက်အဖြစ် ဆေးလိပ်သောက်သုံးမှုနှင့် ဆေးရွက်ကြီးထွက်မူး ယစ်ဆေးဝါးများသုံးစွဲမှုလျော့နည်းပပျောက်စေရန် အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆေးလိပ်သောက်သုံးခြင်းသည် သုံးစွဲသူကိုသာမကပတ်ဝန်းကျင်ရှိအခြားသူများ၏ ကျန်းမာရေးကိုပါဆိုးရွားစွာထိခိုက်စေသဖြင့် ဆေးလိပ်မ သောက်ရနေရာ No Smoking Area များကို စနစ်တကျသတ်မှတ်ပေးရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် မြို့တစ်မြို့၊ ဒေသတစ်ခု လုံးကိုပါ အမှန်တကယ်ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းစဉ်အဆင့်တိုင်းတွင် နိုင်ငံသားတစ်ဦးချင်းစီ၏ ကျန်းမာရေးအသိပညာရှိရှိပူးပေါင်းပါဝင်ဆောင်ရွက်သည် မရှိမဖြစ်လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က မြန်မာနိုင်ငံဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးသည် စိန်ခေါ်မှုများစွာရှိသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ရှမ်းပြည်နယ် ပင်းတယဒေသ၊ အင်းလေးကန်ဒေသနှင့် မန္တလေးတိုင်းဒေသကြီး ပုဂံဒေသတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းအဆင့်ဆင့်များ၊ လုပ်ငန်းပြန်လည်ဆန်းစစ်ချက်များကို ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ ညောင်ဦးခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးဦးခင်ဇော်၊ ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ ဟိုတယ်မိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင် များ၊ ဆေးလိပ်ငွေ့ကင်းစင် နယ်မြေတည်ထောင်ရေးကြီးကြပ်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်လူကြီးများစုစုပေါင်း ၁၅၀ ဦးတက် ရောက်ကြသည်။ ဆေးလိပ်ငွေ့ကင်းစင်ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခွင် တည်ထောင်ရေး ကြီးကြပ်သူများကို ညနေ ၄.၃၀ နာရီအထိ သင်တန်းများပို့ချခြင်းနှင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး အုပ်စုဖွဲ့ဆွေးနွေးခြင်းများပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဖေလိန်း(ညောင်ဦး)


