ဆေးဖက်ဝင်ဗောက်သီးနှင့် ကျန်းမာရေး  

 

လွန်းပိုးအိမ်

 

ဗောက်သီးပင်ဟာ တစ်ရာသီခံ ပင်ပျော့အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ အများဆုံး တွေ့ရှိရပါတယ်။ ဗောက်သီးပင်ကို  အညာဒေသမှာ  ဗောက်လောက်ပင်လို့ ခေါ်ဆိုကြပြီး ခရမ်းပင်၊ ခရမ်းချဉ်ပင် အမျိုးအစားထဲမှာပါဝင်ကြောင်း သိရပါတယ်။ အအေးပိုင်းဒေသမှာ ပေါက်ရောက်တဲ့ ဗောက်သီးပင်တွေဟာ အလုံးအရွယ်အစား ပိုကြီးပြီး အရောင်ပိုရင့်တတ်သည်လို့ သိရပါတယ်။ ဗောက်ပင်ကို ထိုင်း၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေအနက် အိန္ဒိယနိုင်ငံမှာ ဗောက်သီးအမျိုးအစားများစွာ စိုက်ပျိုးကြပြီး၊ စိုက်ပျိုးတဲ့ အမျိုးအစားပေါ်မူတည်ပြီး အရွယ်အစားနဲ့ အရောင်ကွဲပြားသွားကြောင်း လေ့လာသိရှိရပါတယ်။

ဗောက်သီးပင်ဟာ စာရေးသူတို့ဒေသမှာ အလေ့ကျပေါက်ရောက်ပါတယ်။ အရောင်အနေနဲ့စိမ်းဝါဝါ၊ ပုစွန်ဆီရောင်နဲ့ နီရဲရဲစတဲ့အရောင်တွေကို တွေ့ရတတ်ပါတယ်။ ဗီတာမင်စီ အဓိကပါဝင်တဲ့ အတွက် ရောင်ရမ်းတာနဲ့ သရက်ရွက် ကြီးတာတို့ကို ကုသနိုင်ပါတယ်။ မွေးမြူရေးအတွက်လည်း အရေးပါတဲ့ အပင် တစ်မျိုးဖြစ်တာကို တွေ့ရှိရပါတယ်။

 

ဗောက်သီး

 

ဗောက်သီးမှာ ပူဖောင်းလို အခွံလေး တွေကာရံထားတဲ့ အတွင်းထဲက အဝါရောင်စိုစိုအသီးလေးဖြစ်ပြီး၊ ခရမ်းချဉ်သီးလေးတွေနဲ့ ဆင်တူပြီး အရသာက ချဉ်ချဉ်ချိုချိုလေးနဲ့ ခံတွင်းရှင်းစေနိုင်ကြောင်း သိရှိရပါတယ်။ ဗောက်သီးဟာ ချိုချိုချဉ်ချဉ်အရသာရှိတာကြောင့် အချိုပွဲတွေ၊ သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာ ထည့်သွင်း အသုံးပြုကြသလို သရေစာအဖြစ်လည်း အစိမ်းစားကြတာကို တွေ့ရှိရတတ်ပါတယ်။ ဗောက်သီးမှာ ကယ်လိုရီပမာဏ နည်းပါးပြီး၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း အတော်အသင့်ပါဝင်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

 

ဆီးချိုနဲ့သွေးတိုးရောဂါကို သက်သာစေခြင်း

 

ဗောက်သီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အကျိုးပြုတဲ့ ဗီတာမင်စီနဲ့ anti oxidants များ ကြွယ်ဝစွာ ပါဝင်တာ ကြောင့် ဗောက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ ဆီးချိုကို ထိန်းညှိပေးပြီး သွေးပေါင်ကိုလည်း ကျစေတဲ့အတွက် သွေးတိုးနေတဲ့အချိန်မှာ ဗောက်သီးကို စားသုံးပေးခြင်းဟာ သွေးပေါင်ကို ကျစေပါတယ်။ သို့သော် တစ်ကြိမ်တည်း အလုံးအရေအတွက်များများ မစားသင့်ကြောင်း ပညာရှင်တွေက အကြံပြုထားတာကို သိရပါတယ်။

 

ဆေးများထုတ်လုပ်ရာတွင် အသုံးပြုခြင်း

 

ဗောက်သီးမှာ polyphenol နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ပန်းနာရင်ကျပ် သက်သာစေတဲ့ဆေး၊ သန်ကျဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာကျက် ဆေး၊ ရောင်းရမ်းမှုသက်သာတဲ့ ဆေး၊ ဝမ်းပျော့ဆေး၊ ဝမ်းနုတ်ဆေးတွေ ထုတ်လုပ်အသုံးပြုသလို အစာအိမ်ဝေဒနာအတွက်လည်း အသုံးပြုနိုင်ပါတယ်။

 

အဆုတ်ကင်ဆာ

 

ဗောက်သီးမှာ polyphenols၊ carotenoid တွေ ပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုး ရှိစေနိုင်ပါတယ်။ ဗောက်သီးဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာ ကုသမှုမှာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

 

အာရုံကြောပြဿနာကို သက်သာစေခြင်း

 

ဗောက်သီးမှာ Free radical တွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာ ရောဂါတွေအပြင် အခြားရောဂါများကို ခုခံရာမှာ အထောက်အကူပြုပါတယ်။

 

အမြင်အာရုံကောင်းမွန်စေခြင်း

 

ဗောက်သီးမှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင်အေပမာဏကို လုံလောက်စွာ ထောက်ပံ့ပေးပါတယ်။ ဗီတာမင်အေက မျက်စိရောဂါကို ကာကွယ်နိုင်စွမ်းရှိပြီး ရေတိမ်ဖြစ်တာနဲ့ မျက်လုံးကြွက်သား တွေ ပျက်စီးတာကို ကာကွယ်ပေးပါတယ်။

 

အရိုးများ ကြံ့ခိုင်သန်စွမ်းစေခြင်း

 

ဗောက်သီးမှာ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက် ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တွေ စုပ်ယူမှုကို အထောက် အပံ့ပေးတဲ့ pectin ပါရှိပါတယ်။ အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဒူလာနဲ့ အရေပြား နီမြန်းရောင်ရမ်းတာကို ကုသရာမှာလည်း ဗောက်သီးကို အသုံးပြုနိုင်ပါတယ်။

 

ကိုယ်ခံစနစ်ကို တိုးမြှင့်ပေးနိုင်ခြင်း

 

ဗောက်သီးမှာ ဗီတာမင်စီ ပါဝင်တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်စီကို ပြည့်ဝစေပါတယ်။ ဗီတာမင်စီက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

 

အသည်းကျန်းမာစေခြင်း

 

ဗောက်သီးဟာ ခန္ဓာကိုယ်တွင်းက ကိုလက်စထရောပမာဏကို ထိန်းညှိပေးပြီး အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

 

အအေးမိတုပ်ကွေးကို သက်သာစေခြင်း

 

ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ ဗောက်သီးဟာ အအေးမိတုပ်ကွေး ဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗောက်သီးကို တစ်နေ့နှစ်ကြိမ် ရေနွေးနဲ့စားသုံး ပေးမယ်ဆိုလျှင် နှာခေါင်းပိတ်တာကို သက်သာစေမှာ ဖြစ်ပါတယ်။

 

ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်စေခြင်း

 

ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊ အငန်ဓာတ်တွေ၊ ပြန်ရည်ကြောစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပေး တာကြောင့် ကျောက်ကပ်ကို ကျန်းမာစေပါတယ်။

 

ဗက်တီးရီးယားတွေကို သေစေနိုင်ခြင်း

 

ဗောက်သီးမှာ ပါဝင်တဲ့ဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗက်တီးရီးယားတွေကိုရော၊ အကျိုးမပြု တဲ့ ဗက်တီးရီးယားတွေကိုပါ သေစေ နိုင်တဲ့ အစွမ်းရှိပါတယ်။ ဗောက်သီးက E-Coli ဗက်တီးရီးယားအပါအဝင် ဗက်တီးရီးယား တော်တော်များများကို သေစေနိုင်ပါတယ်။

 

ဗီတာမင်စီကြွယ်ဝခြင်း

 

ဗောက်သီးမှာ သံပရာသီးထက် ဗီတာမင်စီ နှစ်ဆလောက် ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝ တာကြောင့် ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

ဝမ်းဗိုက်ပြဿနာများကို ကာကွယ်ခြင်း

 

ဗောက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ အူမကြီးရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးတဲ့အတွက် အစာချေ စနစ်ကို ကောင်းမွန်စေပါတယ်။ ဗောက်သီးကို မိမိစားနေကျ အစားအစာတွေနဲ့ရောပြီး စားသုံးပေးမယ်ဆိုရင် ဝမ်းချုပ်ခြင်းကဲ့သို့သော ဝမ်းဗိုက် ပြဿနာတွေကနေ ကာကွယ်ပေးပါတယ်။

ဗောက်သီးဟာ ဈေးကွက်မှာ ရောင်းအားကောင်းပြီး ဗောက်သီး စိုက်ပျိုးတဲ့ နိုင်ငံအများစုမှာ ဗောက်သီးဟာ မပါမဖြစ်တဲ့ အချိုပွဲလို့ ဆိုရမှာပါ။ ယိုထိုးပြီးဖြစ်ဖြစ်၊ အသီးအတိုင်းဖြစ်ဖြစ် စားသုံးကြပါတယ်။ ဗောက်သီးပင်ဟာ ဈေးကွက်ဝင် သီးနှံတစ်မျိုးဖြစ်လာပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုတွေနဲ့ သီးခြားစိုက်ပျိုးမှုတွေလည်း တွေ့ရှိ ရပါတယ်။ စိုက်ပျိုးသူ တောင်သူတွေ အနေနဲ့ စီးပွားဖြစ်စိုက်ပျိုးနိုင်တဲ့ သီးနှံအဖြစ် စိုက်ပျိုးမယ်ဆိုပါက တောင်သူတွေ ဝင်ငွေတိုးလာမယ့် သီးနှံတစ်ခုဖြစ်ပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါတယ်။