ရန်ကုန် ဒီဇင်ဘာ ၁၅
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၅ ရက်က ဆက်လက်ကျင်းပရာ အိမ်ရှင်ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ဗိုလ်လုပွဲ တက်ရောက်သွားသည်။
ဆီမီးဖိုင်နယ်ပွဲများတွင် ဗီယက်နမ်အသင်းက ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အိမ်ရှင်ထိုင်းအသင်းက မလေးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ အုပ်စုပထမနေရာဖြင့် တက်ရောက်လာသည့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး လက်ရှိချန်ပီယံ အင်ဒိုနီးရှားကို အုပ်စုအဆင့်တွင် ချန်ရစ်ခဲ့သည့် ဖိလစ်ပိုင်အသင်းသည် ဗီယက်နမ်ကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သည်။ ဗီယက်နမ်အသင်းသည် နောက်ကျဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ၈၉ မိနစ်တွင် လီဗင်ထရန်၊ ၉၀+၂ မိနစ်တွင် ငုယင်သန်နန်တို့က သွင်းယူခဲ့သည်။ အိမ်ရှင်ထိုင်းအသင်းသည် ပွဲချိန်မိနစ် ၈၀ နီးပါး တစ်ယောက်အသာဖြင့် ကစားရသော်လည်း ပွဲအစ ရှစ်မိနစ်တွင် ဘူရာဖာသွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် မလေးရှားအသင်းကို အနိုင်ကစားခဲ့သည်။
ဒီဇင်ဘာ ၁၈ ရက်တွင် ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာကွင်း၌ တတိယလုပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့် မလေးရှားအသင်း၊ ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် အိမ်ရှင်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - FAT


