နေပြည်တော် ဒီဇင်ဘာ ၁၁
ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၁ ရက်က ချောင်ဘူရီမြို့၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
မြန်မာအမျိုးသမီးအသင်းသည် နှစ်ပွဲဆက်တိုက်အနိုင်ရခဲ့သော်လည်း ယခုနောက်ဆုံးပွဲတွင် ဗီယက်နမ်ကို အနိမ့်ဆုံးသရေကစားနိုင်ရုံဖြင့် ဆီမီးဖိုင်နယ်တက်ခွင့်ရမည်ဖြစ်သော်လည်း ရှုံးပွဲ ကြုံတွေ့ခဲ့သဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ တစ်လျှောက် အုပ်စုအဆင့်မှ ပထမဆုံးထွက်ရခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသည်။
ဗီယက်နမ်အသင်းသည် နိုင်ပွဲရမှ နောက်တစ်ဆင့်တက်မည်ဖြစ်သောကြောင့် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး မြန်မာကစားသမားများသည် စိုးရိမ်စိတ်များပြီး အမှားများခဲ့သောကြောင့် ပြိုင်ဘက်အတွက် အခွင့်အရေးဖြစ်ခဲ့သည်။ ထို့ကြောင့် ပွဲအစ ၁၅ မိနစ်အတွင်းမှာပင် နှစ်ဂိုးပေးခဲ့ ရသလို ကျန်မိနစ်များတွင် ချေပဂိုးရအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ မြန်မာအသင်းနည်းပြချုပ် ယုကီအနေဖြင့် ချေပဂိုးရရှိရန် လိုအပ်နေသည့်အချိန်တွင် အပြောင်းအလဲမပြုလုပ်နိုင်သလို ကွင်းအတွင်းမှ ကစားသမားများ၏ စွမ်းဆောင်ရည်မှာလည်း လိုအပ်ချက်များနေသဖြင့် ဂိုးပေါက် ခြိမ်းခြောက်မှုပင် အနည်းငယ်သာပြုလုပ်နိုင်ပြီး အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးများကို ရှစ်မိနစ်တွင် ငိုသီဗင်ဆု၊ ၁၄ မိနစ်တွင် ငုယင်သီဗီသွေတို့က သွင်းယူခဲ့သည်။
အခြားပွဲတွင် ဖိလစ်ပိုင်အသင်းက မလေးရှားအသင်းကို ခြောက်ဂိုးပြတ်သွင်းယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ အုပ်စု (B) ပွဲစဉ်များအပြီးတွင် ဗီယက်နမ်၊ မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့ ခြောက်မှတ်စီတူညီသော်လည်း ဂိုးကွာခြားချက်ဖြင့် ဗီယက်နမ်အသင်းက အုပ်စု ပထမ၊ ဖိလစ်ပိုင် အသင်းက အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး မြန်မာအသင်းမှာမူ သုံးပွဲစလုံးရှုံးသည့် မလေးရှားအသင်းနှင့်အတူ အုပ်စုမှထွက်ခဲ့ရသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်း၊ အိမ်ရှင် ထိုင်းအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ တွေ့ဆုံနေသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


