ရန်ကုန်      ဒီဇင်ဘာ      ၁၄

(၃၃) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၄ ရက်တွင် ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

အုပ်စုနောက်ဆုံးနေ့တွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို လေးဂိုး-နှစ်ဂိုး၊ အိမ်ရှင် ထိုင်း အသင်းက မလေးရှားအသင်းကို ခြောက်ဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးနည်းသွားပြီဖြစ်သော်လည်း ဗီယက်နမ်အသင်းကို အကောင်းဆုံး ရင်ဆိုင်ခဲ့ပြီး ဦးဆောင်ဂိုးသွင်းယူနိုင်သည်အထိ ဖိအားပေးနိုင်ခဲ့သည်။ မြန်မာအသင်းအတွက်  ဂိုးများကို အိအိကျော်နှင့်  ဝေဖူးအိမ်တို့က သွင်းယူခဲ့သည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (A) ၌ ထိုင်းအသင်းက ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ ဖိလစ်ပိုင်အသင်းက ရမှတ်သုံးမှတ်ဖြင့် အုပ်စုဒုတိယရရှိပြီး မလေးရှားအသင်းက နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ အုပ်စု (B) ၌ ဗီယက်နမ်အသင်းက ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းက ရမှတ် သုံးမှတ်ဖြင့် အုပ်စုဒုတိယ၊ မြန်မာအသင်းက  နှစ်ပွဲစလုံးရှုံးကာ အမှတ်မရခဲ့ပေ။  ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ထိုင်းအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။                                

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF