ရန်ကုန်    ဒီဇင်ဘာ    ၁၆

ဆီးဂိမ်းအမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်က ဆက်လက်ကျင်းပရာ ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်း ဗိုလ်လုပွဲတက်ရောက်သွားသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဗီယက်နမ်အသင်းက ဖိလစ်ပိုင်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊   အင်ဒိုနီးရှားအသင်းက  အိမ်ရှင်ထိုင်းအသင်းကို ၁၁ ဂိုး-၁၀ ဂိုးဖြင့် အနိုင်ရရှိသည်။ ဗီယက်နမ်အသင်းသည် ပွဲချိန် ၂၅ မိနစ်တွင် ထရန်ငုယက်သီ သွင်းယူသည့်တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းမှာမူ နာမည်ကြီး ထိုင်းအသင်းကို အံ့အားသင့်ဖွယ် အကောင်းဆုံးတုံ့ပြန်ခဲ့ပြီး ပွဲချိန် မိနစ် ၄၀ တွင် လေးဂိုးစီသရေကစားနိုင်သဖြင့် ပင်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ပင်နယ်တီဆုံးဖြတ်ရာတွင် ရှစ်လုံးအထိ  ကန်သွင်းခဲ့ရပြီး အင်ဒိုနီးရှား အသင်းက ခုနစ်ဂိုးဝင်ကာအိမ်ရှင်ထိုင်းအသင်းက ခြောက်ဂိုးသာဝင်သဖြင့်  အင်ဒိုနီးရှားအသင်းက  ခုနစ်ဂိုး-ခြောက်ဂိုး   စုစုပေါင်း ၁၁ ဂိုး-၁၀ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်တွင် တတိယလုပွဲအဖြစ် အိမ်ရှင်ထိုင်းအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   

သတင်း-မောင်စံကြီး၊ ဓာတ်ပုံ-FAT