ရန်ကုန် ဒီဇင်ဘာ ၁၅
(၃၃)ကြိမ်မြောက် ဆီးဂိမ်း စနူကာတစ်ဦးချင်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များကို ဒီဇင်ဘာ ၁၅ ရက်က ကျင်းပရာ မြန်မာကစားသမား နှစ်ဦး နိုင်ပွဲရရှိပြီး ကွာတားဖိုင်နယ် တက်ရောက်သွားသည်။
စနူကာ တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမားများဖြစ်သည့် ဘုန်းမြင့်ကျော် (ခ) အားတီနှင့် အောင်ဖြိုးတို့ ဝင်ရောက်ယှဉ်ပြိုင်ပြီး နှစ်ဦးစလုံး အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ၁၆ ဦး ရှုံးထွက်အဆင့်တွင် အင်ဒိုနီးရှားကစားသမား ဒီဟန်ဒီနှင့် တွေ့ဆုံရာ ၄-၀ ပွဲဖြင့် အနိုင်ရရှိပြီး အောင်ဖြိုးမှာလည်း အင်ဒိုနီးရှားကစားသမား ပူထရာကို ၄-၁ ပွဲ ဖြင့် အနိုင်ရရှိသည်။ ဘုန်းမြင့်ကျော် (ခ) အားတီသည် ဆီးဂိမ်းပြိုင်ပွဲတွင် Pool 9 Ball ပြိုင်ပွဲမှ ရွှေတံဆိပ်လေးခုအထိ ရယူထားသူဖြစ်ပြီး ယခုနှစ်ဆီးဂိမ်းပြိုင်ပွဲတွင် Pool အားကစားနည်း မပါဝင်သဖြင့် စနူကာအားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
စနူကာတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဘုန်းမြင့်ကျော် (ခ) အားတီသည် မလေးရှားကစားသမား၊ အောင်ဖြိုးသည် ထိုင်းကစားသမားနှင့် တွေ့ဆုံနေသည်။
သတင်း - ချစ်ကိုကို
ဓာတ်ပုံ - MSYA


