ရန်ကုန် ဒီဇင်ဘာ ၁၆
ဆီးဂိမ်း စနူကာတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်က ဆက်လက်ကျင်းပရာ မြန်မာစနူကာလက်ရွေးစင် ဘုန်းမြင့်ကျော် (ခ) အားတီ ဆီမီးဖိုင်နယ်တွင် အရေးနိမ့်ပြီး ပူးတွဲကြေးတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည်။
စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာကစားသမားနှစ်ဦး ယှဉ်ပြိုင်ရာ ဘုန်းမြင့်ကျော် (ခ) အားတီက ဆီမီးဖိုင်နယ်၊ အောင်ဖြိုးက ကွာတားဖိုင်နယ်အဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။ ဘုန်းမြင့်ကျော် (ခ) အားတီသည် ရှုံးထွက်အဆင့်တွင် အင်ဒိုနီးရှားကစားသမား ဒီဟန်ဒီကို ၄-၀ ပွဲ၊ ကွာတားဖိုင်နယ်တွင် မလေးရှားကစားသမား လင်ကွတ်လောင်ကို ၄-၃ ပွဲဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်တွင် ထိုင်းကစားသမား ဆူဝမ်နာဝပ်ကို ၄-၂ ပွဲဖြင့် ရှုံးနိမ့်ခဲ့သဖြင့် မလေးရှားကစားသမားနှင့်အတူ ပူးတွဲကြေးတံဆိပ်ဆုရရှိကာ အိမ်ရှင်ထိုင်းကစားသမားနှစ်ဦး ဗိုလ်လုပွဲ တက်ရောက်သွားသည်။ အောင်ဖြိုးသည် ရှုံးထွက်အဆင့်တွင် အင်ဒိုနီးရှားကစားသမား ပူထရာကို ၄-၁ ပွဲဖြင့် အနိုင်ရသော်လည်း ကွာတားဖိုင်နယ်တွင် ကရီဆာနွတ်ကို ၄-၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာစနူကာအဖွဲ့သည် ယခုပြိုင်ပွဲတွင် ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MSYA


