ရန်ကုန်    ဒီဇင်ဘာ    ၇

(၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲ၏ ကြက်တောင်အသင်း လိုက်ပြိုင်ပွဲကို ဒီဇင်ဘာ  ၇ ရက်က သာမတ်ဆက်တက္ကသိုလ်၌ ကျင်းပရာ မြန်မာအသင်းများ ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသည်။

အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ခုနစ်သင်းသာရှိသဖြင့် အိမ်ရှင်ထိုင်းအသင်းက    ဆီမီးဖိုင်နယ်အဆင့်မှ  စတင်ကစားရပြီး ကျန်ခြောက်သင်းမှာ   ကွာတားဖိုင်နယ်ကစားရခြင်း ဖြစ်သည်။ ကွာတားဖိုင်နယ်ပွဲများတွင် အင်ဒိုနီးရှားအသင်းက မြန်မာအသင်းကို သုံးပွဲ-ပွဲမရှိ၊ စင်ကာပူအသင်းက ဖိလစ်ပိုင်အသင်းကို သုံးပွဲ-ပွဲမရှိ၊ မလေးရှားအသင်းက ဗီယက်နမ်အသင်းကို သုံးပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ထိုင်းအသင်းနှင့် စင်ကာပူအသင်း၊ မလေးရှားအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အသင်းလိုက်ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် တစ်ဦးချင်းပွဲစဉ် နှစ်ပွဲ၊ နှစ်ယောက်တွဲပွဲစဉ် တစ်ပွဲ ယှဉ်ပြိုင်ခဲ့သည်။ တစ်ဦးချင်းပြိုင်ပွဲတွင် သက်ထားသူဇာက အင်ဒိုနီးရှားကစားသမား ပူထရီကို ၂-၁ ပွဲ၊ အိမ့်ချစ်ဖူးက အင်ဒိုနီးရှားကစားသမား မာရီစကာကို နှစ်ပွဲပြတ်၊ နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ဆုလာဒ်နှင့် ခိုင်သဉ္ဇာအတွဲက အင်ဒိုနီးရှားအတွဲကို နှစ်ပွဲပြတ်တို့ဖြင့် ရှုံးနိမ့်ခဲ့သည်။

အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ခုနစ်သင်းသာရှိသဖြင့် အင်ဒိုနီးရှားအသင်းက  ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရပြီး ကျန်ခြောက်သင်းမှာ   ကွာတားဖိုင်နယ်အဆင့်မှ  ကစားခဲ့ရသည်။ ကွာတားဖိုင်နယ်တွင် ထိုင်းအသင်းက မြန်မာအသင်းကို သုံးပွဲ-ပွဲမရှိ၊ စင်ကာပူအသင်းက လာအိုအသင်းကို သုံးပွဲ-ပွဲမရှိ၊ မလေးရှားအသင်းက ဖိလစ်ပိုင်အသင်းကို သုံးပွဲ-ပွဲမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာကြက်တောင်အသင်းသည် တစ်ဦးချင်း၊ နှစ်ယောက်တွဲ အမျိုးသား၊ အမျိုးသမီးပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MBF