ရန်ကုန်   ဒီဇင်ဘာ   ၉

ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲ  ပထမနေ့ကို ဒီဇင်ဘာ  ၉  ရက်က နာခွန်ပါသွန်ကျွမ်းဘား အားကစားရုံ၌  စတင်ကျင်းပရာ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ  အမျိုးသား၊ အမျိုးသမီးပွဲစဉ်နှစ်ခုစလုံးတွင် မြန်မာအသင်းများ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။

ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ပထမနေ့တွင် ပတ်လည်စနစ်ဖြင့်ကစားပြီး  အမှတ်အများဆုံးနှစ်သင်းမှာ ဒီဇင်ဘာ ၁၀ ရက်တွင် ဗိုလ်လုပွဲ ပြန်လည်ကစားရမည်ဖြစ်သည်။ အမျိုးသားပြိုင်ပွဲတွင် ထိုင်းအသင်းက   ရမှတ် ၉၀၀၊ မြန်မာအသင်းက ရမှတ် ၆၇၀၊ ဖိလစ်ပိုင်အသင်းက ရမှတ်  ၆၆၀၊ ဘရူနိုင်းအသင်း က ရမှတ် ၄၈၀၊ တီမောအသင်းက ရမှတ် ၁၂၀တို့ ရရှိသည်။ အမျိုးသမီးပြိုင်ပွဲတွင် အိမ်ရှင် ထိုင်းအသင်းက ရမှတ် ၉၇၀၊ မြန်မာအသင်းက  ရမှတ် ၇၅၀၊ဖိလစ်ပိုင်အသင်းက   ရမှတ် ၆၀၀၊ လာအိုအသင်းက ရမှတ် ၃၄၀ တို့ရရှိသည်။   ထို့ကြောင့်   ပတ်လည်ပွဲစဉ်များအပြီးတွင် အမျိုးသား ပြိုင်ပွဲတွင် အမှတ်အများဆုံးရရှိသည့် အိမ်ရှင်ထိုင်းအသင်းနှင့်  မြန်မာအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် အမှတ်အများဆုံးရရှိသည့် အိမ်ရှင်ထိုင်းအသင်းနှင့်  မြန်မာအသင်းတို့ ဗိုလ်လုပွဲကစားရမည် ဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ အပြီးတွင်  သုံးယောက်တွဲ  အသင်းလိုက် အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ လေးယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အမျိုးသား+ အမျိုးသမီး Mixed လေးယောက်တွဲပြိုင်ပွဲ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MSTAF