ရန်ကုန် ဒီဇင်ဘာ ၁၂
(၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲ ကနူး/ကယက် လှေလှော်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၂ ရက်က ဆက်လက်ကျင်းပရာ မြန်မာလှေလှော်အဖွဲ့ ငွေတံဆိပ်တစ်ခု ထပ်မံရရှိသည်။
မြန်မာလှေလှော်အဖွဲ့အတွက် ငွေတံဆိပ်ဆုကို ကနူး မီတာ ၂၀၀ အမျိုးသား လေးယောက်လှော်ပြိုင်ပွဲတွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းအတွဲက ရွှေတံဆိပ်၊ အင်ဒိုနီးရှား အတွဲက ကြေးတံဆိပ်ရရှိသည်။ ငွေတံဆိပ်ရရှိသည့် မြန်မာလှေလှော်အတွဲတွင် မျိုးလှိုင်ဝင်း၊ ထွဋ်ခေါင်ဇော်၊ ကျော်ဇေယျနှင့် သန့်ဇင်ဦးတို့ ပါဝင်သည်။ ငွေတံဆိပ်ရရှိသည့် မြန်မာအတွဲအား မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် နာယက ဦးကျော်စိန်၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း (Jewelry Luck Group of Companies) တို့က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ပေးအပ်ချီးမြင့်သည်။ ကနူး/ ကယက် လှေလှော်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး မြန်မာလှေလှော်အဖွဲ့သည် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် တစ်ခုရရှိခဲ့သည်။ မြန်မာလှေလှော်အဖွဲ့သည် ယခုဆီးဂိမ်းပြိုင်ပွဲတွင် နဂါးလှေ (ရိုးရာလှေ) ပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲတို့တွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MRF


