ရန်ကုန်    ဒီဇင်ဘာ    ၁၅

(၃၃)ကြိမ်မြောက် ဆီးဂိမ်းဝူရှူးပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၅ ရက်က ဆက်လက်ကျင်းပခဲ့ပြီး မြန်မာဝူရှူးအဖွဲ့သည် ပြိုင်ပွဲအပြီးတွင် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ် သုံးခု ဆွတ်ခူးရရှိခဲ့သည်။

ဆီးဂိမ်း ဝူရှူးပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်ကြာကျင်းပခဲ့ပြီး မြန်မာဝူရှူးအဖွဲ့သည် ဒီဇင်ဘာ ၁၃ ရက်ကပြုလုပ်သည့် ပထမနေ့တွင် ကြေးတစ်ခုရယူပြီးနောက် ပြိုင်ပွဲနောက်ဆုံးနေ့တွင် ငွေတံဆိပ် သုံးခု၊ ကြေးတံဆိပ်နှစ်ခု ထပ်မံရယူနိုင်ခဲ့သည်။ မြန်မာဝူရှူး အဖွဲ့အတွက် ငွေတံဆိပ်သုံးခုကို ဆန်းဆို(အတိုက်) အမျိုးသမီး ၅၆ ကီလိုတန်းတွင် ချယ်ရီသန်းက တစ်ခု၊ အမျိုးသမီး ၆၀ ကီလိုတန်းတွင် နှင်းနုဝါကတစ်ခု၊ အမျိုးသား Duilian Bare Handed   သရုပ်ပြ အတိုက်ပြိုင်ပွဲတွင် ရဲရင့်ထွန်းနှင့် တင်ထူးဝေ အတွဲက တစ်ခုရရှိခဲ့ခြင်းဖြစ်သည်။ ဆန်းဆိုအတိုက်ပြိုင်ပွဲတွင် ချယ်ရီသန်းသည် ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား   ဖလော်တီနာ၊   နှင်းနုဝါသည် ဗီယက်နမ်ကစားသမား  ငုယင်သီသူသွေကို  ရှုံးနိမ့်ကာ ရွှေတံဆိပ်ဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

ကြေးတံဆိပ်သုံးခုကိုမူ ဆန်းဆို(အတိုက်) အမျိုးသား ၇၀ ကီလိုတန်းတွင် မျိုးမင်းထက်ကတစ်ခု၊ အမျိုးသမီး Duilian Weapon သရုပ်ပြအတိုက်ပြိုင်ပွဲတွင် သုပန်ထွာနှင့် ခိုင်စန္ဒာစိုးအတွဲက တစ်ခု၊ အမျိုးသမီး  Duilian Bare Handed  သရုပ်ပြအတိုက်ပြိုင်ပွဲတွင် သုပန်ထွာနှင့် ခိုင်စန္ဒာစိုးအတွဲက တစ်ခုရယူနိုင်ခဲ့သည်။                              

သတင်း - ကိုညီလေး

ဓာတ်ပုံ - MWF