ရန်ကုန် ဒီဇင်ဘာ ၈
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (C) ဒုတိယနေ့ကို ဒီဇင်ဘာ ၈ ရက်က ချင်းမိုင်မြို့ရှိ နှစ် (၇၀၀) ပြည့် အထိမ်းအမှတ်ဘောလုံးကွင်း၌ ကျင်းပရာ ဖိလစ်ပိုင်အသင်းက လက်ရှိချန်ပီယံ အင်ဒိုနီးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ အစောဆုံးတက်ရောက်ခဲ့ သည်။
အုပ်စု(C)တွင် ပါဝင်သည့် သုံးသင်းအနက် အင်အားအနည်းဆုံးဟု သတ်မှတ်ခံထားရသည့် ဖိလစ်ပိုင်အသင်းသည် အံ့အားသင့်ဖွယ် စွမ်းဆောင်မှုများနှင့်အတူ ပထမပွဲတွင် မြန်မာအသင်းကို နှစ်ဂိုးပြတ်၊ ယခုပွဲတွင် လက်ရှိချန်ပီယံ အင်ဒိုနီးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ယူကာ နှစ်ပွဲဆက်အနိုင်ရပြီး ဆီမီးဖိုင်နယ်သို့ အစောဆုံးတက်ရောက်နိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းမှာမူ လက်ရှိချန်ပီယံကာကွယ်နိုင်ရန် ခက်ခဲသွားပြီဖြစ်ပြီး နောက်ဆုံးပွဲတွင် မြန်မာအသင်းကို အနိုင်ရသည့်တိုင် ဆီမီးဖိုင်နယ်တက်ရောက်ရန် အခြားအုပ်စုများမှ အုပ်စုဒုတိယနေရာရအသင်းများ၏ ရလဒ်များကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဖိလစ်ပိုင်အသင်းသည် ယခုပွဲတွင်လည်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် ဘာနာတူသွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်းသည် ဒုတိယပိုင်း တစ်ပိုင်းလုံး ချေပဂိုးရရန် ကြိုးပမ်းသော်လည်း ဖိလစ်ပိုင်အသင်းက ထိန်းကစားပြီး အနိုင်သုံးမှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အုပ်စု(C)တွင် ဖိလစ်ပိုင်အသင်းက ပွဲကုန်နှစ်ပွဲကစား ခြောက်မှတ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့မှာ အမှတ်မရသေးပေ။ အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၁၂ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို သုံးသင်း သုံးအုပ်စုခွဲ၍ ကျင်းပနေပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယနေရာရအသင်းများ အနက် အကောင်းဆုံးတစ်သင်း စုစုပေါင်း လေးသင်းသာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
သတင်း - ထွဏ်းသွေးအိမ်
ဓာတ်ပုံ - PFF


