ရန်ကုန် ဒီဇင်ဘာ ၇
ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပနေသည့် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(B) ဒုတိယနေ့ကို ဒီဇင်ဘာ ၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယှဉ်ပြိုင်ကစားမည်
အုပ်စု(B) ဒုတိယနေ့အဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် မြန်မာအသင်းနှင့် မလေးရှားအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဒုတိယနေ့တွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ နှစ်သင်းစလုံး နိုင်ပွဲရရှိပါက နောက်ဆုံးပွဲ ထိပ်တိုက်မတွေ့ဆုံမီ ဆီမီးဖိုင်နယ်တက်ရောက်နိုင်မည်ဖြစ်ပြီး တစ်သင်းသင်း အနိုင်မရပါက နောက်ဆုံးပွဲအထိ စောင့်ကြည့်ရမည်ဖြစ်သည်။ ဒီဇင်ဘာ ၅ ရက်က ကစားသည့် ပထမနေ့တွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဗီယက်နမ်အသင်းက မလေးရှား အသင်းကို ခုနစ်ဂိုးပြတ် အနိုင်ရထားသည်။
မြန်မာအသင်းသည် အုပ်စုပထမနေရာ ရယူလိုပါက မလေးရှားအသင်းကို ဂိုးပြတ်သွင်းယူနိုင်ရန် လိုအပ်သော်လည်း ဖိလစ်ပိုင်နှင့်ပွဲတွင် ဒဏ်ရာရကစားသမားအချို့ ရှိထားသဖြင့် နည်းပြချုပ်ဖြစ်သူ ယုကီအနေဖြင့် လာမည့်ပွဲများအတွက် တွက်ချက်ကာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ် ရမည်ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် မလေးရှားအသင်းထံမှ သုံးမှတ်ရယူနိုင်ရန် မခက်ခဲသော်လည်း ဂိုးပြတ်သွင်း၊ မသွင်းသာ စောင့်ကြည့်ရမည်ဖြစ်သည်။
သတင်း-ထွဏ်းသွေးအိမ်
ဓာတ်ပုံ-MFF


