ရန်ကုန် ဒီဇင်ဘာ ၁၄
ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၄ ရက်က ချောင်ဘူရီမြို့၌ ကျင်းပရာ လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင်အသင်း အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်သွားသည်။
ပင်နယ်တီဖြင့်ဆုံးဖြတ်
ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဗီယက်နမ်အသင်းက အင်ဒိုနီးရှားအသင်းကို ငါးဂိုးပြတ် အနိုင်ရပြီး အိမ်ရှင်ထိုင်းအသင်းနှင့် ဖိလစ်ပိုင်အသင်းပွဲတွင် မိနစ် ၁၂၀ ပြည့်သည်အထိ တစ်ဂိုးစီ သရေကျ နေသဖြင့် ပင်နယ်တီဖြင့်ဆုံးဖြတ်ရာ ဖိလစ်ပိုင်အသင်းက လေးဂိုး-နှစ်ဂိုး စုစုပေါင်း ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိသည်။
ဗီယက်နမ်အသင်းသည် အင်ဒိုနီးရှားအသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာသွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် လေးဂိုးထပ်သွင်းခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းအတွက် ဂိုးများကို ၂၈၊ ၈၀ မိနစ်တွင် ငုယင်သီဘီသွေ၊ ၄၉၊ ၅၈ မိနစ်တွင် ဖန်ဟိုင်ယင်၊ ၈၆ မိနစ်တွင် ဟိုင်နျူတို့က သွင်းယူခဲ့သည်။ အိမ်ရှင်ထိုင်းနှင့် ဖိလစ်ပိုင်အသင်းပွဲမှာ သာမန်ပွဲကစားချိန်တွင် အရှုံးအနိုင်မပေါ်သဖြင့် ပင်နယ်တီ အထိ ခရီးဆက်ခဲ့ရပြီး ဖိလစ်ပိုင်အသင်းက အနိုင်ယူကာ ဆီးဂိမ်းဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့သည်။ ၅၃ မိနစ်တွင် ဂျီရာပွန်က ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူသော်လည်း ၈၇ မိနစ်တွင် မာရီက ပင်နယ်တီမှတစ်ဆင့် ဖိလစ်ပိုင်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။
ပင်နယ်တီဆုံးဖြတ်ရာတွင် ဖိလစ်ပိုင်အသင်းက လေးဂိုးဝင်ပြီး ထိုင်းအသင်းက လေးလုံးကန်ရာတွင် နှစ်ဂိုးသာဝင်သဖြင့် ဖိလစ်ပိုင်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၇ ရက်တွင် တတိယလုပွဲအဖြစ် အင်ဒိုနီးရှားအသင်းနှင့် အိမ်ရှင်ထိုင်းအသင်း၊ ဗိုလ်လုပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ထွဏ်းသွေးအိမ်
ဓာတ်ပုံ-FAT


