ရန်ကုန် အောက်တိုဘာ ၂၀
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲရာတွင် မြန်မာအသင်းသည် အုပ်စုကျပ် အတွင်း ကျရောက်ခဲ့သည်။
အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(A)တွင် အိမ်ရှင်ထိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အုပ်စု(B)တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။
အုပ်စုခွဲဝေရာတွင် အိမ်ရှင်ထိုင်းအသင်းသည် အုပ်စုချောင်နေပြီး အုပ်စု(B) တွင် မြန်မာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့ အုပ်စုကျပ်အတွင်း ကျရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရန် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ၌ သွားရောက်လေ့ကျင့်နေပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ငွေတံဆိပ်ဆုရရှိထားသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


