၁ ဒီဇင်ဘာ
၂၀၁၉ ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) စတုတ္ထနေ့ကို ဒီဇင်ဘာ ၂ ရက် နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စု (က) စတုတ္ထနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဘီနန်ကွင်း၌ မြန်မာအသင်းနှင့် ကမ္ဘောဒီးယားအသင်း၊ ရီဇယ်လ်ကွင်း၌ မလေးရှားအသင်းနှင့် တီမောအသင်းတို့ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ နိုဝင်ဘာ ၂၉ ရက်ပွဲအပြီး ရပ်တည်မှုအရ မြန်မာအသင်းက သုံးပွဲကစား ခုနစ်မှတ်၊ ကမ္ဘောဒီးယားအသင်းက နှစ်ပွဲကစား လေးမှတ်၊ ဖိလစ်ပိုင်အသင်းကသုံးပွဲကစား လေးမှတ်၊ မလေးရှားအသင်းက နှစ်ပွဲကစား တစ်မှတ်ရထားပြီး တီမောအသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ထို့ကြောင့် မြန်မာအသင်းသည် နောက်ဆုံးပွဲတွင် အနိမ့်ဆုံး သရေကစားနိုင်ရုံဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်မည်ဖြစ်ပြီး အနိုင်ရပါက အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ တတိယနေ့ပွဲတွင် မလေးရှားအသင်းသည် ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သောကြောင့် မြန်မာအသင်းအနေဖြင့် ကမ္ဘောဒီးယားကို သရေကစားနိုင်ရုံဖြင့် နောက်တစ်ဆင့်တက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် သုံးပွဲတွင် ခုနစ်မှတ်အထိ ရယူနိုင်ခဲ့သော်လည်း အသင်းလိုက်ကစားပုံနှင့် ခံစစ်ကစားပုံတို့မှာ လိုအပ်ချက်များရှိနေသောကြောင့် ခြေစွမ်းကောင်းမွန်သည့် ကမ္ဘောဒီးယားအသင်းနှင့် နောက်ဆုံးပွဲအတွက် ပြင်ဆင်မှုများ ပိုမိုပြုလုပ်ရမည်ဖြစ်သည်။
အုပ်စု (က) ပွဲစဉ်များမှာ ဒီဇင်ဘာ ၄ ရက်မှ ပြီးဆုံးမည်ဖြစ်ပြီး ငါးသင်းပါဝင်သည့်အုပ်စုဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် လေးပွဲဆက်တိုက်ကစားခဲ့ရကာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရပါက အခြားအသင်းများထက် နားရက်ပိုရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်(ခေတ္တမနီလာ)


